ကုန်ဈေးနှုန်းမကြီးစေရေး ထိန်းသိမ်းကြပ်မတ်

mdn

နေပြည်တော် သြဂုတ် ၁၉

“စားသောက်ကုန်ပစ္စည်းများအား ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်မားလာစေရန်အတွက် ရည်ရွယ်ချက် ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ပေးကြရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အချို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့် လာမှုများနှင့် ကြုံတွေ့နေရသည်။ အထူးသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးပစ္စည်းများ၊ အခြေခံ အိမ်သုံးဆေးဝါးပစ္စည်းများမှာ ပြည်သူများ လတ်တလော လိုအပ်လာမှုများအပေါ် အခြေခံ၍ ပစ္စည်း ပြတ်လပ်မှုအပေါ်မူတည်ကာ ဈေးကြီးမြင့်မှုများ ဖြစ်ပေါ်လာတတ်သည်။ ဥပမာ အောက်ဆီဂျင်လိုအပ်သည့် ဝေဒနာရှင်များ များပြားလာသောအခါ အောက်ဆီဂျင်နှင့်ပတ်သက်သည့်ပစ္စည်းများ ဈေးနှုန်းတစ်ဟုန်ထိုး မြင့်တက်သွားသည်ကို ကြုံတွေ့ ခဲ့ကြရသည်။ ယင်းတို့နှင့်ပတ်သက်၍ ဝယ်ယူသုံးစွဲသူပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထု လိုအပ်ချက်ရှိလာသည့်အပေါ် မူတည်၍ သဘာဝမကျသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်မားလာမှု၊ ကြီးမြင့်လာမှုများ လျှော့ချနိုင်ရေး ပြည်သူလူထု လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို ပုံမှန်ထက်ပိုမိုသိုလှောင်၍ ဈေးနှုန်းကြီးမြင့်လာအောင် လုပ်ဆောင်နေသူများအား ကြပ်မတ်စစ်ဆေးလျက် ရှိရာ လတ်တလောတွင် ဆေးပစ္စည်းအရောင်းဆိုင်များကို စစ်ဆေးခြင်း မဟုတ်ဘဲ ဆေးဝါးပစ္စည်းများအား သိုလှောင်ထားသည့် ဂိုဒေါင်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးနေသည်ကို တွေ့ရပေသည်။ ထိုသို့သိုလှောင်ထားရာတွင် ရိုးရိုးသားသား ပုံမှန်သိုလှောင်ရောင်းချနေသူများမှအပ မရိုးမသား ရည်ရွယ်ချက်ရှိရှိ သိုလှောင် လုပ်ဆောင်နေသူများအား သေချာစိစစ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး အခြေခံစားသောက်ကုန်များကို အသေးစား၊ အလတ်စား လုပ်ငန်းများဖြင့် ထုတ်လုပ်လျက်ရှိသည့်နိုင်ငံဖြစ်သည်။ ပြည်တွင်းကုန်ကြမ်းများဖြင့် ထုတ်လုပ်လျက် ရှိသော အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း အကြောင်းရင်းကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် စိစစ်ကြပ်မတ်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်ကလမ်းညွှန်ထား သည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် များကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များနှင့် လုပ်အားခကုန်ကျ စရိတ်များ အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းမြင့်မား လာသည်ကို တွေ့ရသည်။

အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာမှုကို အကြောင်းပြု၍ အတိုင်းအတာတစ်ခုအထိ ဈေးနှုန်း မြင့်တက်မှု၊ သဘာဝကျသည့် ဈေးနှုန်းမြင့်မားမှုများ ရှိသည်ကို မပြောလိုသော်လည်း မတော်လောဘဖြင့် မတန်တဆ ဈေးတင်ရောင်း ချမှုများမှာ မဖြစ်သင့်သောကိစ္စများဖြစ်ပေသည်။ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတသောအခြေအနေကို အကြောင်းပြု၍ ဈေးနှုန်းမြင့်မားလာစေရန် ရည်ရွယ် ချက်ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင်ထားခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားမှု မရှိစေရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ရှာဖွေစစ်ဆေး ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်း မြင့်မားလာမှုကို ထိန်းချုပ်သွားနိုင် မည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ဈေးနှုန်းတက်လာသောကြောင့် ပြည်ပမှ ဝယ်ယူတင်သွင်းရသော ကုန်ပစ္စည်းများ အချိုးကျ ဈေးတက်ခြင်းကို လက်သင့်ခံနိုင်သော်လည်း လက်ဝယ်ရှိ ပစ္စည်းများနှင့်ပြည်တွင်း ထုတ်ကုန်များ ဈေးနှုန်းအဆမတန်တက်ခြင်းကို လက်သင့်ခံနိုင်မည် မဟုတ်ပေ။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေး အခြေအနေများကို အကြောင်းပြု၍ ပြည်သူလူထု လူမှုစီးပွား အခက်အခဲမရှိအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဘက်ဘက်မှ လိုအပ်ချက်များကို အတတ် နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ နိုင်ငံတော်က ပြည်သူများအပေါ် စေတနာထား၍ ဆောင်ရွက်ပေးနေမှုများတွင် ပြည်သူများကလည်း အသိတရားဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူလူထု လူမှုစီးပွား အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန်နှင့် လတ်တလောလိုအပ်သည့် ကုန်ပစ္စည်းများအားသဘာဝကျသည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားကြရန် လိုအပ်ပြီး ပြည်သူလူထုအားလုံး အဆင်ပြေစေရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ