ကုလသမဂ္ဂ (၇၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

စက်တင်ဘာ ၂၂

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်သည် ကုလသမဂ္ဂ တည်ထောင်သည့် (၇၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အဆင့်မြင့်အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေး၌ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့် ကိုယ်စားလှယ်များက “ကျွန်ုပ်တို့ လိုလားသော အနာဂတ်၊ ကျွန်ုပ်တို့ လိုအပ်သော ကုလသမဂ္ဂ - နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေးစနစ်အတွက် ကျွန်ုပ်တို့၏ စုပေါင်းကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ “ကုလသမဂ္ဂ (၇၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ကြေညာစာတမ်း”ကို အတည်ပြုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အလွတ်သဘော ဘာသာ ပြန်ဆိုချက်) မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

သဘာပတိကြီးနဲ့ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်များခင်ဗျား၊

ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်တဲ့ (၇၅) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီအဆင့်မြင့်အစည်းအဝေးမှာ ပါဝင်မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကမ္ဘာတစ်ဝှမ်း တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စုစည်းညီညွတ်မှုတွေ လိုအပ်နေတဲ့ ယခုအချိန်မှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် (Multilateralism)ဟာ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ယနေ့ကမ္ဘာကြီးမှာ အင်အားပြိုင်အုပ်စုတွေ ပိုမိုကွဲပြားလာနေပြီး၊ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေး တင်းမာမှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။ ဒါတွေထက်ပိုပြီး ဆိုးရွားတာကတော့ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ကြီးမားတဲ့ ဖိစီးမှုတွေ ကျရောက်စေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေး အကျပ်အတည်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဆုံးရှုံးမှုတွေ၊ ဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေမှုတွေ၊ ပညာရေးကဏ္ဍမှာ အဟန့်အတားတွေ ဖြစ်ပေါ်စေပြီး၊ အထိအနာဆုံးကတော့ ထိခိုက်အလွယ်ဆုံးသောသူတွေပဲ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကမ္ဘာ့သမိုင်းတစ်လျှောက် ဆိုးကျိုးဂယက်ရိုက်မှုအများဆုံး ဖြစ်နိုင်တဲ့ ဒီကပ်ရောဂါစိန်ခေါ်မှုကြီးကို စုပေါင်းတုံ့ပြန်နိုင်ဖို့အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် တစ်ရပ်ကို ယခင်ကထက်ပိုပြီး လိုအပ်လျက်ရှိပါတယ်။

ယနေ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလင့်ကစား ကုလသမဂ္ဂအဖွဲ့ကြီးကို ဗဟိုပြုတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေဟာ ကမ္ဘာကြီးကို လွန်ခဲ့တဲ့ (၇၅)နှစ်ကထက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာစေရေးအတွက် များစွာ အထောက်အကူပြုခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ စစ်ပွဲကြီးတွေကို ဟန့်တားနိုင်ခဲ့သလို၊ လူသန်းပေါင်းများစွာကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတို့မှ လွတ်မြောက်စေခဲ့ကာ၊ ယခုအခါ ပျမ်းမျှလူ့သက်တမ်းဟာလည်း ယခင်ကထက် ပိုမိုမြင့်မားလာခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကို အစားထိုး နေရာယူနိုင်လောက်တဲ့ အခြားအဖွဲ့အစည်းကို ကျွန်တော်တို့ စဉ်းစားကြည့်လို့ မရနိုင်သေးပါဘူး။

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီး များမကြာမီမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၅၈)နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်အားထားမှုဟာ ပကတိခိုင်မာခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်ပါ အဖွဲ့ကြီးရဲ့ ရည်မှန်းချက်နဲ့ မူဝါဒတွေကို ဖြည့်ဆည်းဆောင်ရွက်ရာမှာနဲ့ စိတ်ရင်းမှန် စွာပူးပေါင်းဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဘယ်သောအခါကမျှ ရှောင်လွှဲခြင်းမရှိခဲ့ပါဘူး။ ကုလသမဂ္ဂအဖွဲ့ကြီးကို ကျွန်တော်တို့နိုင်ငံရဲ့ ကြီးမားတဲ့ ဖြည့်ဆည်းပံ့ပိုးမှုတွေထဲက တစ်ခုကတော့ မြန်မာသံတမန်တစ်ဉီးဖြစ်တဲ့ ဉီးသန့်က ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ဂုဏ်သရေကြီးမြတ်စွာ တာဝန်ထမ်းရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဉီးသန့်ဟာ စစ်အေးကာလ အထွတ်အထိပ်မှာ စိုးရိမ်ဖွယ်ရာ ပဋိပက္ခ အကျပ်အတည်းတွေကို တားဆီးကျော်လွှားနိုင်ခဲ့ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဉီးတည်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဖြစ်စေဖို့ ဉီးဆောင်လမ်းပြခဲ့သူပဲဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးတဲ့ မြန်မာပြည်သူပြည်သားများရဲ့ စစ်မှန်တဲ့ ကိုယ်စားလှယ်တစ်ဉီးဖြစ်ခဲ့ပါတယ်။

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျွန်တော်တို့ ဉီးတည်ကြိုးပမ်းလျက်ရှိရာမှာ မြောက်မြားစွာသော စိန်ခေါ်မှုတွေနဲ့ သိမ်မွေ့ရှုပ်ထွေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လူ့အခွင့်အရေး ပြဿနာရပ်တွေနဲ့ ပတ်သက်လို့ များပြားလာတဲ့ ပြင်ပစိန်ခေါ်မှုတွေကြောင့် ပိုမိုခက်ခဲရှုပ်ထွေးလာခဲ့ရပါတယ်။ ဒီလိုသဘောသဘာဝရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံတကာ အသိုက်အဝန်းရဲ့ အပြုသဘော ထိတွေ့ချဉ်းကပ်မှုပဲ ဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်ဖို့အတွက် အဓိကသော့ချက်ဟာ အပြန်အလှန် ယုံကြည်မှုရှိရေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)မှာ ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်နိုင်ဖို့ အကူအညီများ ပေးအပ်လျက်ရှိကြတဲ့ ကုလသမဂ္ဂစနစ်အပါအဝင် မိမိတို့ရဲ့မိတ်ဖက်တွေအားလုံးကို မြန်မာနိုင်ငံအနေနဲ့ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား၊

ကုလသမဂ္ဂဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေရဲ့ မျှော်လင့်အားကိုးရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လိုအပ်ချက်နဲ့ ဉီးစားပေးလုပ်ငန်းတွေကို ပိုမိုအလေးထား တုံ့ပြန်ဆောင်ရွက်ပေးနိုင်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီး ဖြစ်လာစေဖို့အတွက် အားသစ်လောင်းပေးကြဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ နိုင်ငံငယ်တွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးပမ်းမှုတွေကို နှောင့်နှေးစေမှု မဖြစ်စေဘဲ၊ ကူညီပံ့ပိုးမှုသာပေးတဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် လည်းကောင်း၊ နိုင်ငံငယ်တွေကို အကာအကွယ်ပေးတဲ့ ယုံကြည်အားထားရာ မိတ်ဖက်အဖွဲ့အစည်းအဖြစ်လည်းကောင်း ပေါ်ထွန်းလာတာကို တွေ့မြင်လိုပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးကိစ္စပြဿနာတွေကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ ကူညီပံ့ပိုးပေးတဲ့ ကုလသမဂ္ဂအဖွဲ့ကြီး ဖြစ်စေလိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးဟာ နိုင်ငံအားလုံးနဲ့ လူသားတစ်ရပ်လုံးရဲ့ ကောင်းကျိုးအတွက် နိုင်ငံအပေါင်း ထိတွေ့ဆုံစည်းနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တန်ဖိုးကို ၎င်းတို့ရဲ့ နိုင်ငံရေးအင်အားနဲ့ ရုပ်ဝတ္ထုပစ္စည်းအင်အား အတိုင်းအတာကိုကြည့်ပြီး အဆုံးအဖြတ်ပေးတဲ့ နိုင်ငံစုံဆက်ဆံရေးစနစ်မျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ နောင်လာမယ့်နှစ်တွေမှာ ဆက်လက်တွေ့ကြုံရမယ့် စီးပွားရေးနဲ့ လူမှုရေးဂယက်ရိုက်မှုတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့အတွက် ပိုမိုခိုင်မာတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် ပေါ်ထွန်းလာရေးနဲ့ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ စုစည်းညီညွတ်မှု ပိုမိုမြှင့်တင်ကြရေးအတွက် နောက်ဆုံးသတိပေး နှိုးဆော်သံပဲဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီး တည်ထောင်မှု (၇၅)နှစ်ပြည့်မြောက်တဲ့ ဒီနှစ်ပတ်လည် အခါသမယ  သမိုင်းဝင် အခွင့်အလမ်းကို အသုံးပြုပြီး၊ ကုလသမဂ္ဂပဋိညာဉ်ရဲ့ အခြေခံမူကြီးတွေကို အဖွဲ့ဝင်နိုင်ငံ အားလုံးက လိုက်နာမှုရှိတဲ့ ပွင့်လင်းမြင်သာမှု၊ စည်းမျဉ်းဥပဒေအပေါ် အခြေခံမှုရှိတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် တစ်ရပ်ဖြစ်လာစေရေးအတွက် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောထားတွေကို ညီတူညီမျှ အလေးထားမှု၊ သမာသမတ်ရှိမှုနဲ့ မျှတမှုတွေရှိတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ် တစ်ရပ်ဖြစ်လာစေရေးအတွက် လည်းကောင်း၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလတွေမှာရင်ဆိုင်သွားကြရမယ့် ကြီးမားတဲ့စိန်ခေါ်မှုတွေကို တုံ့ပြန်ကျော်လွှားနိုင်ဖို့အတွက် ထိရောက်တဲ့ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးစနစ် တစ်ရပ်ဖြစ်လာစေရေးအတွက် လည်းကောင်း၊ အားလုံးအတူတကွ ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ လိုအပ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက ဖော်ဆောင်ပေးတဲ့ သာတူညီမျှမှု ပိုမိုရှိသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး စနစ်ကတစ်ဆင့် ကျွန်တော်တို့ လိုလားတဲ့ အနာဂတ်ကို ပုံဖော်ရေးအတွက် အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်၊ သဘာပတိကြီးခင်ဗျား။