ကတ်ရှ်မီးယားတွင် မိုဘိုင်းဖုန်းလိုင်းများ ပြန်ဖွင့်ပြီ

ကတ်ရှ်မီးယား ၁၆  အောက်တိုဘာ

အိန္ဒိယနိုင်ငံသည် ၎င်းထိန်းချုပ်ထားသည့် ကတ်ရှ်မီးယားနယ်မြေအတွင်း နေထိုင်လျက်ရှိသော လူလေးသန်းအတွက် မိုဘိုင်းဖုန်းလိုင်းများ အောက်တိုဘာ ၁၄ ရက်နေ့က ပြန်လည်ဖွင့်ပေးလိုက်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ် ၁၀ ပတ်ခန့်က အဆိုပါဒေသကို တစ်စိတ်တစ်ပိုင်း လွတ်လပ်သည့် ဒေသအဆင့်မှ လျှော့ချပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ကာ ဆက်သွယ်ရေးများကိုလည်း ပိတ်ဆို့ထားခဲ့သည်။

ယခုကဲ့သို့ ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ပေးခဲ့ခြင်းသည် ဒေသတွင်းလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နိုင်ရန်အတွက် အရေးပါသည်။ ကတ်ရှ်မီးယားဟိုတယ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဝါရှင်ချာရာက တစ်နာရီအတွင်း ဖုန်းခြောက်ကြိမ် ခေါ်ဆိုလက်ခံခဲ့ရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း ပြောခဲ့သည်။

ယင်းမတိုင်မီက အဆိုပါဒေသတွင် အာဏာဖီဆန်ရေးလှုံ့ဆော်မှုများကြောင့် လမ်းများနှင့် ဈေးများတွင် ခြောက်ကပ်ကပ်ဖြစ်နေခဲ့သည်။ ဒေသတွင်း မိုဘိုင်းဖုန်း နှစ်သန်းဝန်းကျင်ခန့် လိုင်းများပြန်လည်မပွင့်သေးသလို အင်တာနက်လိုင်းများလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

အာဏာပိုင်များက မိုဘိုင်းဖုန်းလိုင်းများ တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးခြင်းသည် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိလာကြောင်း ပြောကြားခဲ့သော်လည်း တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားလျက်ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ