ကတညုတ ကတဝေဒီ ပုဂ္ဂိုလ်

mdn

နေပြည်တော် ၉ ဇူလိုင်

 

ပုဂ္ဂိုလ်အများ ပြုဖူးသည့်ကျေးဇူးကို သိသည့်ပုဂ္ဂိုလ်၊ ထင်ရှားအောင် ပြုလုပ်သည့်ပုဂ္ဂိုလ်များသည် "ကတညုတ ကတဝေဒီ" ပုဂ္ဂိုလ်များဖြစ်သည်ဟု ဆိုပါသည်။ တစ်နည်းဆိုလျှင် ပုဂ္ဂိုလ်များ၏ ရှေးဦးပြုလုပ်ခဲ့သော အလုပ်များအပေါ် ကျေးဇူးသိခြင်း၊ ထင်ရှားအောင်ပြုလုပ်ခြင်း (ဆက်လက် အကောင်အထည်ဖော်ခြင်း) ကို "ကတညုတ ကတဝေဒီ" လုပ်ငန်းဟု ဆိုပါသည်။

 

ရှေးကကျေးဇူးပြုခဲ့သည်တို့ကို ဆက်လက်အကောင်အထည် မဖော်နိုင်လျှင် ကျေးဇူးမဆပ်နိုင်၊ သံသရာကြွေး မကျေနိုင်ဟု ဆိုရမည်ဖြစ်သည်။ သူတော်ကောင်းတို့၏ အကျင့်ကောင်းလမ်းစဉ်အရ "ကတညုတ ကတဝေဒီ" ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုမည်ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် ဒုကင်္ဂုတ္တရ ပါဠိတော်၌ -

 

(၁) ပုဗ္ဗကာရီ - ရှေးဦးစွာ ကျေးဇူးပြုသည့် ပုဂ္ဂိုလ်၊

 

(၂) ကတညုတကတဝေဒီ-သူပြုဖူးသည့် ကျေးဇူးကို သိသည့်ပုဂ္ဂိုလ်၊ ထင်ရှားအောင်ပြုသည့်ပုဂ္ဂိုလ်ဟူ၍ လောကတွင် ပုဂ္ဂိုလ်နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးအနက် တိုင်းပြည်လွတ်လပ်ရေးရရှိအောင် ဆောင်ကြဉ်း ပေးခဲ့သော ပုဂ္ဂိုလ်များအား ပုဗ္ဗကာရီ ပုဂ္ဂိုလ်များဟု ဆိုချင်ပါသည်။ ထိုပုဂ္ဂိုလ်များသည် ပုဗ္ဗကာရီ ပုဂ္ဂိုလ်များဟု ဆိုထိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်လွတ်လပ်ရေးအတွက် ရှေးဦးစွာ ကျေးဇူးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့်တည်း။

 

မြန်မာတို့၏ မင်္ဂလာတရားတော်အရ ကတညုတာ ကျေးဇူးရှိခဲ့ဖူးသူ အားလုံးတို့အား ကျေးဇူးဆပ် ကြရမည်ဖြစ်သည်။ သို့မှသာ သူပြုဖူးသည့် ကျေးဇူးကို သိသည့်ပုဂ္ဂိုလ်၊ ထင်ရှားအောင် ပြုလုပ်သည့် ပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။ ယနေ့ကာလသည် လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်များအား လွမ်းဆွတ်သတိရ ဂုဏ်ပြုကြသော ကာလဖြစ်သည်။ ထိုသို့ဂုဏ်ပြုသကဲ့သို့ သူ့ကျေးဇူးရှိက ကျေးဇူးတုံ့ပြန်ရမည်" ဟူသော မြန်မာတို့၏ အယူအဆအရ အမျိုးသားခေါင်းဆောင်ကြီးများအား ကျေးဇူးဆပ်ရန်လိုပေသည်။

 

ကျေးဇူးဆပ်ရန်နည်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများ လိုလားနှစ်သက်သည့် လုပ်ငန်းစဉ်များကို တာဝန်သိသိဖြင့် ဆက်လက်လုပ်ဆောင်သွားခြင်းဖြင့်သာလျှင် ကျေးဇူးတုံ့ပြန်ရာရောက်ပေမည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ လိုလားချက်များကို အကြမ်းအားဖြင့် အနှစ်ထုတ်ကြည့်လျှင် -

 

(၁) အာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းရင်းသားပြည်သူ လူထုအားလုံးတို့၏ စည်းလုံးညီညွတ်ရေးကို လိုလားသည်။

 

(၂) အာဇာနည်ခေါင်းဆောင်ကြီးများသည် လူအများဆုံး၊ အကောင်းဆုံး ချမ်းသာသုခရရှိအောင် လူအများဆန္ဒနှင့်ညီသည့် ဒီမိုကရေစီကို လိုလားသည်။

 

(၃) အာဇာနည်ခေါင်းဆောင်ကြီးများသည် လူမှုရေး၌ တရားမျှတမှု၊ စီးပွားရေး၌ တရားမျှတမှု၊ နိုင်ငံရေး၌ တရားမျှတမှု၊ အဆင့်အတန်းတွင် ဆူကြုံနိမ့်မြင့်မရှိ ညီတူညီညာတူမျှမှုကို လိုလားသည်။

 

(၄) အာဇာနည်ခေါင်းဆောင်ကြီးများသည် ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးအား လိုလားသည်ကို သိရှိကြမည်ဖြစ်ပါသည်။

 

သို့ဖြစ်ရာ တိုင်းပြည်လွတ်လပ်ရေးကို အသက်စွန့်ပေးဆပ်၍ ရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ၏ ကျေးဇူးများမှာ လွတ်လပ်သောဘဝတွင် လွတ်လွတ်လပ်လပ် ရပ်တည် ရှင်သန်လုပ်ကိုင်ခွင့်ရနေကြရသည့် ကျွန်ုပ်တို့ပြည်သူပြည်သား အားလုံးအတွက် ဆပ်၍မကုန်အောင် များလှပေသည်။ ထိုသို့သော အသိအမြင်ခံယူချက်ဖြင့် မိမိတို့တတ်နိုင်သမျှ တိုင်းပြည်အတွက် ကြိုးပမ်းလုပ်ဆောင်ကြခြင်းဖြင့် "ကတညုတ ကတဝေဒီ" ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးပမ်းအားထုတ် စေလိုကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။ ။

 

ကြေးမုံ