ကသာမြို့နယ် ရွှေလီမြစ်အတွင်းမှ တရားမဝင်သစ်လုံးနှင့် သစ်ခွဲသား ၂၆ တန်ကျော် ဖမ်းမိ

ကသာ ၂၁  ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ဆင်စင်းကျေးရွာအနီး ရွှေလီမြစ်အတွင်း သစ်ဖောင်မှ တရားမဝင် သစ်လုံးများနှင့် သစ်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသော အဖွဲ့သည်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဇော်ကိုကိုအဖွဲ့နှင့် ပူးပေါင်း၍ ရွှေလီမြစ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကသာမြို့နယ်၊ ဆိတ်ငူဘိနယ်၊ ဆင်စင်းကျေးရွာ အနီးရွှေလီမြစ်အတွင်းရှိ သစ်ဖောင်များအား မသင်္ကာ၍ ရှာဖွေစစ်ဆေးရာ ဝါးများဖုံးအုပ်ထားသော တရားမဝင် ကျွန်းသစ်(၁၄၈)လုံး၊ (၂၀ ဒသမ ၅၉၂) တန်၊ ၃ ပေအောက် သစ် ၆ လုံး၊ ကျွန်းခွဲသား (၃၉၇) ချောင်း၊ (၅ ဒသမ ၁၁၂၄) တန်၊ စုစုပေါင်း (၅၅၁) လုံး/ ချောင်း၊(၂၆ ဒသမ ၄၁၀၄)တန်အား ဖမ်းဆီးရမိသဖြင့် မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးရန် ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)