ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဘားအံ ၃ ဩဂုတ်

 

မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများခွဲဝေချထားပေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ် အောက်ကော့ရင်း- ကျောက်စရစ်ကုန်း- အညောကုန်း- ကမားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် (၂)မိုင်ဖွင့်ပွဲကို ကမားကျေးရွာ၌ ကျင်းပခဲ့သည်။

 

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ကမားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥုဣန္ဒက၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတ္တု၊ သစ်တောနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

“ရှေးယခင်က ဒီလမ်းဟာ လမ်းတာဘောင်တွေ နိမ့်ကျပြီး ကျဉ်းတဲ့အတွက် မိုးရာသီမှာ သွားလာရခက်ခဲခဲ့တယ်။ ပညာရေးကိစ္စပဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် ကျွန်မတို့အရမ်း အခက်အခဲဖြစ်ခဲ့ပါတယ်၊ အခုကျမတို့အတွက် သွားလာရလွယ်ကူအောင် ပေ ၁၀၀ တံတားနဲ့ ကွန်ကရစ်လမ်းသစ်ကို ဆောင်ရွက်ပေးခဲ့တယ်၊ ပြီးတော့ ကျမတို့ကျေးရွာသူ/သားတွေ နေထိုင်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ မြေကွက်မရှိတာကို မြေကွက်တွေချပေးခဲ့တယ်၊ ကျေးလက်ဆေးပေးခန်းကိုလည်း ချထားပေးခဲ့တယ်၊ ပြီးတော့ လျှပ်စစ်မီးလည်းရှိပါပြီ၊ ကျွန်မတို့ မမျှော်လင့်ခဲ့ဖူးတဲ့၊ အိမ်မက်လည်းတစ်ခါမှမမက်ခဲ့ဖူးတဲ့ အရာတွေကို ကျွန်မတို့ရရှိခဲ့ပါတယ်၊ အခုလိုဆောင်ရွက်ပေးခဲ့တဲ့ သူတွေကို ကျွန်မတို့ကျေးရွာအုပ်စုက ကျေးရွာသူ/သားတွေကိုယ်စား ကျွန်မတကယ် ကျေးဇူးတင်ဝမ်းမြှောက်မိပါတယ်” ဟု ကမားကျေးရွာတွင် နေထိုင်သော ဒေါ်သင်းရီက ပြောသည်။

 

ယခုဖွင့်လှစ်သည့်လမ်းသည် အောက်ကော့ရင်း- ကျောက်စရစ်ကုန်း- အညောကုန်း- ကမား- ပန်းကုန်း- အလဝံကုန်း- ရသေ့ပျံကျေးရွာချင်းဆက် (၁၂ မိုင် ၁ ဖာလုံ) လမ်းပိုင်းထဲတွင်ပါဝင်ပြီး ၂၀၁၇-၂၀၁၈ တွင် ကမားနှင့်အညောကုန်းကို ဆက်သွယ်သည့် ပေ ၁၀၀ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းကိုလည်ကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ် ၄၁၇ ဒသမ ၁၆ သန်းဖြင့် အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအရှည် ၂ မိုင်ကိုလည်ကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၃ ဒသမ ၄၀၂ သန်းဖြင့် ကမားဘက်ခြမ်း ကွန်ကရစ်လမ်း အရှည် ၂ မိုင်နှင့် ရသေ့ပျံဘက်ခြမ်း ၁ မိုင်ကိုလည်ကောင်း၊ အစိုးရအဖွဲ့ဖြည့်စွက်ရန်ပုံငွေကျပ် ၈၆ ဒသမ ၂၆၂ သန်းဖြင့် ကမားမှ ပန်းကုန်းဘက်ခြမ်းသို့ မြေသားလမ်းချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကမားမှ ပန်းကုန်းဘက်သို့ ကွန်ကရစ်လမ်းအရှည် ၂ မိုင်၊ ရသေ့ပျံမှ ပန်းကုန်းဘက်သို့ ကွန်ကရစ် လမ်းအရှည် ၁ မိုင် ၄ ဖာလုံတို့ကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)