ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တွေ့ဆုံ

ဘားအံ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်က တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစန်းကိုနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကျော်စိုးက တွေ့ဆုံ ဆွေးနွေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ပိုးကရင်၊ စကောကရင်၊ ပအိုဝ်း၊ မွန်၊ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ် ကာလအလွန်တွင် တိုင်းရင်းသားစာပေသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့်အခြေခံပညာသင်ရိုး ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများ၏ အရေအတွက်နှင့် လစာငွေတင်ပြ တောင်းခံခြင်းဆိုင်ရာကိစ္စရပ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ၊ ပွဲတော်အခမ်းအနားဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)