ကရင်လူမျိုးတို့ရဲ့ ဖားစည်နဲ့ ရိုးရာဓလေ့

၂၆ ဇူလိုင်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ၁၃၅ မျိုးရှိသည့်အနက် ကရင်လူမျိုးများလည်း အပါအဝင် ဖြစ်ပါ သည်။ ကရင်လူမျိုးဟု ခေါ်ဆို‌သော်လည်း သီးခြားခွဲထွက်နေသော မျိုးနွယ်စု ၁၁ မျိုးလည်း ရှိပါသေး၏။ ၎င်းတို့မှာ ပိုးကရင် ( မွန်ကရင် )၊ စကောကရင်၊ ဘွဲကရင်၊ ပကူးကရင်၊ တလှေပွားကရင်၊ မောနေပွားကရင်၊ ကရင်ဖြူ၊ ကရင်နီ၊ ပလေကီး ( ခလေ ချီ)၊ ပိုးကရင် ( အနောက် )၊ မိုပွား( မိုပ္ပါ ) တို့ ဖြစ်ကြပါသည်။

 

လူမျိုးတစ်မျိုး၊ တိုင်းရင်းသားတစ်မျိုးတို့တွင် သီးခြားဘာသာစကား ရှိကြ ပါသည်။ ကရင်လူမျိုးတို့တွင် ဘာသာစကားအနေဖြင့် ကွဲပြားခြားနားသော လေယူလေသိမ်း စကားအသံထွက်များလည်း ရှိနေပါ၏။ တောင်ပေါ်မြေပြန့် နေထိုင်မှု ကွဲပြားနေခြင်းတို့ကြောင့် ကွဲလွဲသော ရိုးရာဓလေ့များ ရှိသော်လည်း အများစုမှာ တူညီကြပါသည်။ အုပ်ချုပ်ရေးဆိုင်ရာနှင့် ပတ်သက်သော ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ၊ လူမျိုးရေးဆိုင်ရာ ရိုးရာဓလေ့များ၊ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊ ရိုးရာနတ်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊ ပွဲလမ်းသဘင်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊ ကျေးရွာနှင့်ဆိုင်သော ရိုးရာဓလေ့များ၊ မျိုးနွယ်စုနှင့်ဆိုင်သော ရိုးရာဓလေ့များ၊ အဆောင်အယောင်နှင့် ပတ်သက် သော ရိုးရာဓလေ့များ ဖြစ်ကြပါသည်။

 

ကရင်လူမျိုးတို့သည် မျိုးနွယ်စုများသောကြောင့် ဝတ်စားဆင်ယင်မှုအလိုက် ခေါ်ဝေါ်ခွဲခြားသိနိုင်၏။ ကရင်နီ၊ ကရင်ဖြူ၊ ကရင်နက်၊ လိပ်ပြာကြီး၊ လိပ်ပြာငယ်၊ တောပြာကြီး စသဖြင့် ခေါ်ကြသည်။ ကရင်လူမျိုးများတွင် ထွင်းသင်တိုင်းသည် အဓိကဖြစ်ပြီး သင်တိုင်း အတိုအရှည်ရှိသည်။ သင်တိုင်းနှင့် ဘောင်းဘီဝတ်သော အမျိုးနှင့် သင်တိုင်းနှင့် လုံချည်ဝတ်သော အမျိုးဟူ၍ ခွဲခြားနိုင်၏။ ကရင်လူမျိုးတို့ သည် ကြေးနှင့်ငွေတို့အား လက်ဝတ်ရတနာအဖြစ် အသုံးပြုကြပြီး ကျောက် ရောင်စုံ ပုတီးများ၊ နားတောင်း၊ လည်ဆွဲ၊ လက်ကောက်ဝတ်များနှင့် ငွေခေါင်း ပတ်များ၊ ငွေသားများ ဖြစ်ကြသည်။ အမျိုးသားများသည် သင်တိုင်းအနီ၊ ခရစ္စမတ် ခေါင်းပေါင်းနှင့် ပုဆိုးများ ဝတ်ဆင်နေဆဲဖြစ်သလို အမျိုးသမီးများမှာလည်း သင်တိုင်းတို၊ သင်တိုင်းရှည်၊ ခေါင်းပေါင်းထဘီများကို ဝတ်ဆင်နေကြဆဲ ဖြစ်၏။

 

ကရင်နှစ်ကူးပွဲတော်အဖြစ် ခရစ်စ္စမတ်ပွဲများလည်း ကျင်းပကြ၏။ ခရစ္စမတ် နေ့တွင် ဂီတကို တီးခတ်၍ ဝိုင်းဖွဲ့သီဆိုကြပြီး နှစ်ကူးဆုတောင်းသီချင်းများ သာယာသောအသံများဖြင့် ပို့သလေ့ရှိကြ၏။ နှစ်စဉ်နှစ်တိုင်း ကရင်မောင်မယ် လေးများ တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် ဆုတောင်းမေတ္တာ ပို့သနေကြပုံမှာ ပျော်စရာကောင်းသော နှစ်ကူး၏ အစဉ် အလာပင် ဖြစ်သည်။ ကရင်ရိုးရာ အစားအစာသည် တာလပေါ့ဟင်းဟု သိရပြီး သီးစုံဟင်းကဲ့သို့ စားကောင်းသောက်ကောင်းပါ၏။ ကရင်လူမျိုးတို့၏ ရိုးရာ တူရိယာဖြစ်သော ဖားစည်သည် ကရင်တစ်မျိုးသားလုံးအား ကိုယ်စားပြုနေ၏။ စကောကရင်က ကလို( ကျိုက် ) ဟု ခေါ်ပြီး ပိုးကရင်က ကလူးဟု ခေါ်ကြသည်။ ကရင်လူမျိုးတို့သည် ဖားစည်ကို လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်လောက်က သုံးစွဲလာခဲ့ကြသည်ဟု သုတေသီတို့က အခိုင်အမာ ယုံကြည်ယူဆခဲ့ကြသည်။ ရှေးဘိုးဘေးဘီဘင်တို့ ထားခဲ့ကြသော ရှေးဟောင်းအမွေအနှစ်ဖြစ်သောကြောင့် တန်ဖိုးထားကြသည်။

 

သာယာသော အသံရရှိရန် ပဉ္စရူပ (ခေါ်) သတ္တုငါးမျိုးဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်နှင့်ခဲများကို ရောစပ်၍ သွန်းလုပ်ရကြောင်း အဆိုရှိ၏။ အရှေ့တောင် အာရှနိုင်ငံများတွင် သုံးစွဲကြကြောင်း သိရ၏။ ဖားစည်များကို တရုတ်ပြည်၊ ယူနန်နယ်၊ အိန္ဒိယ၊ သီဟိုဠ်(သီရိလင်္ကာ)၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတောင်ဘက် ဘော်နီယိုကျွန်း အထိပင် ဖားစည်များကို တွေ့ရှိရသည်။ ဖားစည်ကို ကျောက်ခေတ်နှောင်းပိုင်း ကြေးခေတ် ပေါ်ပေါက်လာသောအချိန် (သမိုင်းခေတ်ဦး)၌ စတင်သွန်းလုပ် သုံးစွဲခဲ့ကြသည်ဟု ယူဆထားခဲ့လေသည်။

 

ဖားစည်ကို မင်္ဂလာဖားစည်နှင့် အမင်္ဂလာ ဖားစည်ဟူ၍ နှစ်မျိုးသတ် မှတ်ထား၏။ မင်္ဂလာဖားစည်ဆိုသည်မှာ ဖားစည်၏မျက်နှာပြင်ရှိ ဖားရုပ်များသည် လက်ဝဲရစ် တစ်ကောင်နောက် တစ်ကောင် လိုက်နေကြဟန်ရှိ၍ ၎င်းတို့၏ အဓိပ္ပာယ်မှာ ညီညွတ်ခြင်း၊ ခေါင်းဆောင်မှုရှိခြင်းကို ဖော်ဆောင်သည်။ ထိုဖားစည်ကို မင်္ဂလာရှိသော အခမ်းအနားများတွင် တီးခတ်အသုံးပြုကြသည်။ အမင်္ဂလာ ဖားစည်ဆိုသည်မှာ ဖားစည်၏ မျက်နှာပြင်ပေါ်ရှိ ဖားရုပ်များသည် တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်း ဆိုင်နေကြပြီး ညီညွတ်ခြင်း မရှိခြင်း၊ သွေးကွဲခြင်းကို ဖော်ပြ၏။ ထိုဖားစည်ကို မင်္ဂလာမရှိသော အခမ်းအနားတွင် အသုံးပြုကြသည်။

 

ကရင်လူမျိုးတို့၏ လူနေမှုဘဝကို ဖော်ဆောင်သော ဖားစည်ခုနစ်မျိုးမှာ

 

(၁) ဖားလေးကောင်သည် ဖားစည်မျက်နှာပြင်ပေါ်တွင် လက်ဝဲရစ် တစ်ကောင်နောက် တစ်ကောင်လိုက်သွားနေပြီး ဆင်ကြီးတစ်ကောင် ထွက်ပြေး ကာ ချေးတုံးတစ်တုံး စွန့်ထားသည်။ ဤ ဖားစည်အမျိုးအစားမှာ စည်းလုံး ညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်းတို့၏ အာနိသင်ကြောင့် မကောင်းဆိုးဝါးဆင်ကြီးက မရင်ဆိုင်ရဲဘဲ ထွက်ပြေးပြီး ချေးတုံးတစ်တုံးပင် ထွက်ကျကျန်ရစ်ခဲ့ရခြင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

 

(၂) ဖားလေးကောင်က အခြားဖားတစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တစ်ကောင်နှင့်တစ်ကောင် လိုက်သွားပြီး ဆင်ကြီးနှစ်ကောင် ထွက်ပြေးကာ ချေးတုံးနှစ်တုံး စွန့်ထားသည်။ ( ဖားနှစ်ထပ် ) ဒုတိယ ဖားစည်သည် ဆင်းရဲသား များ၊ ဒုက္ခရောက်သော မုဆိုးမနှင့် ရင်ခွင်မဲ့များအား သနားကြင်နာ ကူညီရိုင်းပင်း မှုကို ဖော်ညွှန်းထား၏။ ထို့ကြောင့်လည်း ဖားတစ်ကောင်က အခြား ဖားတစ် ကောင်ကို ကျောပိုးထားခြင်း ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးဆင်နှစ် ကောင်က ကြောက်ရွံ့ထွက်ပြေးရပြီး ချေးတုံးတစ်တုံးစီ ထွက်ကျကျန်ရစ်ခဲ့၏။

 

(၃) ဖားလေးကောင်က အခြားဖားနှစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ် တစ်ကောင်နောက် တစ်ကောင်လိုက်သွားပြီး ဆင်ကြီးသုံးကောင် ထွက်ပြေးသွား ကာ ချေးတုံးသုံးတုံး စွန့်ထားသည်။ ( ဖားသုံးထပ် ) တတိယ ဖားစည်အမျိုးအစား သည် အကောင်းဆုံးသော သင်ခန်းစာကို ပေးထားသည်။ အောက်ဆုံးဖားသည် အကောင်ကြီး၍ ကျန်ဖားနှစ်ကောင်ကို ကျောပိုးထား၏။ အပေါ်ဆုံးဖားသည် အလယ်ဖားထက် အနည်းငယ်သေးသည်။ ကြီးသောသူက ငယ်သောသူကို ကူညီဖေးမခြင်းကို ဖော်ညွှန်းထားသည်။ ထို့ကြောင့် ဆင်ကြီးသုံးကောင်လုံး ကြောက်ရွံ့ခြင်းများဖြင့် ထွက်ပြေးရပြီး ချေးတုံးတစ်တုံးစီ ထွက်ကျကျန်ခဲ့၏။

 

(၄) ဖားလေးကောင်သည် အထက်အောက် မျက်နှာခြင်းဆိုင်လျက် ဆင်ကြီး တစ်ကောင် မကြောက်ရွံ့ဘဲ တက်လာသည်။

 

(၅) ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီး နှစ်ကောင် မကြောက်မရွံ့ဘဲ တက်လာ၏။

 

(၆) ဖားလေးကောင်နှင့် ဆင်ကြီးလေးကောင်တို့သည် အသီးသီး လက်ဝဲရစ် တစ်ကောင်၊ နောက်တစ်ကောင် နေကြသည်။( ၄ ၊ ၅ ၊ ၆ ) ဖားစည်များသည် ဆန့်ကျင်ဘက် ညီညွတ်မှုမရှိသော သဘောကို ဆောင်၏။ အချင်းချင်း မျက်နှာ ချင်းဆိုင် ရန်ဆောင်သည့် သင်္ကေတဖြစ်သောကြောင့် အချင်းချင်း မေတ္တာ ခေါင်းပါးလာသည့် သဘောကို ဖော်ပြလျက်ရှိသည်။ စည်းလုံးမှု မရှိသည့်အခါ မကောင်းဆိုးဝါး ကိုယ်စားပြုသည့် ဆင်ကြီးများ လာရောက်ဖျက်ဆီးရန် ဦးတည် လာသည်ကို တွေ့ရသည်။

 

(၇) ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်ပျောက်ကွယ်သွားပြီး ဆင်ကြီး လေးကောင်သာ ကျန်၍ တစ်ကောင်နောက် တစ်ကောင်လိုက်နေကြ သည်။၎င်းဖားစည် ခုနစ်မျိုးမှာ ကရင်လူမျိုးတို့၏ ဘဝကို သရုပ်ဖော်ပေးထား သော ဖားစည်များပင် ဖြစ်ကြပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လူမျိုးပေါင်း များစွာရှိကြပြီး လူမျိုး တစ်မျိုးစီတိုင်းတွင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများ၊ ပွဲတော်များ၊ ဂီတများ၊ ရိုးရာ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအစားအစာများ ရှိကြပါ၏။ နေရာဒေသ၊ ရေမြေတောတောင် ကွာခြားမှုကြောင့် လေယူလေသိမ်းများ၊ ဒေသန္တရ ဘာသာစကားများ ကွဲပြားနေတတ်ပါသည်။ သို့သော်လည်း မြန်မာ နိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများဖြစ်၍ သွေးချင်းညီနောင် များဆိုလျှင် မမှားပေ။ တိုင်းရင်းသားလူမျိုးများထဲမှ ကရင်လူမျိုးတို့နှင့် ပတ်သက်သော ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် သိထားအပ်သော မှတ်တမ်းများကို ရေးသားတင်ပြလိုက်ရပါသည်။

 

စိုးမင်းလွင် ( ကညွတ်ကွင်း )