ကပ်ရောဂါဖြစ်ပွားနေသည့်ကြားမှ ဂျပန်နိုင်ငံ၏ မော်တော်ဆိုင်ကယ်ရောင်းချမှု ရောင်းအားမြင့်

တိုကျို ဇန်နဝါရီ ၁၇

 

ဂျပန်နိုင်ငံ၏ ပြည်တွင်းမော်တော် ဆိုင်ကယ်များ တင်ပို့ရောင်းချမှုမှာ ၂၀၂၁ ခုနှစ်၌ လေးနှစ်တာ ကာလအတွင်း ရောင်းအားအမြင့်ဆုံးဟု သိရသည်။

 

ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးကို ရှောင်ရှားရန်အတွက် လူအများက အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းကို အသုံးပြုလာသည့်အတွက် ယခုလို ရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်အတွင်း မော်တော်ဆိုင်ကယ် ၃၇၈၇၂၀ ကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟု ဂျပန်နိုင်ငံ မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်းက ပြောသည်။

 

ကိုဗစ် -၁၉ကြောင့် ကိုယ်ပိုင်ယာဉ်များ လိုအပ်ချက် တိုးလာမည်ကို စိုးရိမ်မှုများ ပျံ့နှံ့လျက်ရှိသည်။ တိုကျိုမြို့ရှိ မော်တော်ဆိုင်ကယ် အရောင်းဆိုင်တစ်ဆိုင်တွင် ရောင်းချရမှုမှာ ၁၀ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။

 

လူအများအပြားမှ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုမည့်အစား မော်တော်ဆိုင်ကယ်များကို အသုံးပြုလာသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

 

မော်တော်ဆိုင်ကယ်များကို လူများပြန်လည် စိတ်ဝင်စားလာသည့်အတွက် ဝမ်းသာမိကြောင်း မော်တော်ဆိုင်ကယ် အရောင်းဆိုင်မှ မန်နေဂျာက ပြောသည်။

 

သို့သော်လည်း ဝယ်သူ၏ လိုအပ်ချက်အတိုင်း ဖြည့်စွမ်းပေး နိုင်ခြင်းမရှိမည်ကို စိုးရိမ်မိကြောင်း ကိုလည်း ၎င်းက ပြောသည်။

 

လူအများအပြားကမော်တော် ဆိုင်ကယ် ဝယ်စီးလိုကြသော်လည်း ဈေးကွက်တွင် ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

 

စက်ပစ္စည်းအစိတ်အပိုင်းများ ပြတ်တောက်မှု ဖြစ်နေသည့်အတွက် ပြီးခဲ့သည့်နှစ်လယ်ပိုင်းမှစတင်ကာ ဝယ်သူများ၏ လိုအပ်ချက်အတိုင်း မော်တော်ဆိုင်ကယ်များ မထုတ်လုပ်နိုင်ချေ။

 

အင်န်အိတ်ချ်ကေ