ကပ်ရောဂါကာကွယ် ပညာသင်ကြားခွင့်ရယူ

လာမည့်ရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပုံမှန်ပညာသင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုပညာသင်နှစ် (၂၀၂၀-၂၀၂၁)၏ စာသင်နှစ်အစမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါကို အကြောင်းပြု၍ ရက်သတ္တပတ် အနည်းငယ် နောက်ကျ သွားရသည်။ ကျောင်းများပြန်ဖွင့်သည်ဟု ဆိုသည့်တိုင် ယခင့် ယခင်နှစ်များကကဲ့သို့ အခြေခံ ပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း စသည့်အတန်းအားလုံးကို ဖွင့်လှစ်ခြင်း မဟုတ်သေးဘဲ အခြေခံပညာအထက်တန်းအဆင့်ကိုသာ စတင်ဖွင့်လှစ်ပြီး အခြေအနေကို စောင့်ကြည့်ကာ အလယ်တန်းနှင့် မူလတန်း တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ဖွင့်လှစ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင်ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးတို့  တိတိကျကျထွက်ပေါ်မလာသေးသလို ရောဂါပိုးမွှားကလည်း လူ့အသိုက်အဝန်း တို့ကြားမှာ ကာလရှည်ကြာ ဆက်လက်ရှိနေမည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့ မှုတားဆီးကာကွယ်ရေး အစီအစဉ်အချို့ကို ဖြေလျှော့ခြင်း နည်းလမ်းများဖြင့် လူမှုရေး၊ စီးပွားရေး ယန္တရားများကို အရှိန်သေရပ်ဆိုင်းမသွား စေရန် လိုအပ်သလောက်လည်ပတ်စေရန် စီမံဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်ရင်းမှ ရောဂါကူးစက်မှု ပြန်လည်မြင့်မားလာခြင်း ကြောင့် ပြန်လည်တားဆီးပိတ်ဆို့မှုများ ပြုလုပ်ကြရသည်ကို နိုင်ငံတကာသတင်းများတွင် မကြာခဏ တွေ့နေကြရသည်။  မည်သို့ပင်ဆိုစေ ဝမ်းစာရေးအတွက် လုပ်ကိုင်ရှာဖွေကြရခြင်း၊ ပညာသင်ယူခြင်းတို့သည်လည်း ကြာရှည်ကြား တားဆီးပိတ်ဆို့ထားရန် မဖြစ်နိုင်သလို အသက်ကိုအန္တရာယ်ပြုနိုင်သည့် ကူးစက်မြန် ကပ်ရောဂါ မနိုင်မနင်း ပြန့်ပွားကူးစက်သွားသည့် အခြေအနေ ဖြစ်ပေါ်မလာစေရန်အတွက်လည်း စဉ်းစားချိန်ဆ ဆောင်ရွက်သွားကြရမည်သာဖြစ်သည်။

ယခုနှစ် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ပညာရေးဝန်ကြီးဌာနက မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များဖြစ်သည့် ကျောင်းသား ကျောင်းသူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) စနစ်တကျ တပ်ဆင်အရေး၊ လက်ကိုရေနှင့် ဆပ်ပြာ အသုံးပြု၍ စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရေး၊ လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများကို မထိမကိုင်ရေး၊ ကျောင်းသား ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မလာစေဘဲ နီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ဆေးကုသမှု ခံယူရေးတို့ကို ထည့်သွင်းထုတ်ပြန်ထားရာ မိဘ၊ အုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အားလုံးတို့က တိတိကျကျ လိုက်နာပူးပေါင်း ဆောင်ရွက်ကြခြင်းအားဖြင့် အဆင်ပြေချောမွေ့စွာ ပညာသင်ယူနိုင်ကြမည် ဖြစ်သည်။ အထူးဂရုပြုရမည့်အချက်မှာ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုရှိနေသေးသရွေ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို အားလုံးက မပျက်မကွက်ကျင့်သုံး ဆောင်ရွက်ကြဖို့ပင် ဖြစ်သည်။

ဆက်လက်၍ အလယ်တန်းနှင့် မူလတန်းအဆင့်တို့ကို ဖွင့်လှစ်နိုင်မည်ဆိုပါက ပို၍ပို၍ အသက်ငယ်ရွယ်သော၊ ယခုနှစ်မှစ၍ ကျောင်းဝင်ကြရမည်ဖြစ်သော ကျောင်းသူ ကျောင်းသား ကလေးငယ်များကို ရောဂါမကူးစက်ရေးအတွက် မိဘဆရာတို့က အထူးဂရုစိုက်၍ ကာကွယ်မှု ပြုပေးကြရမည်ဖြစ်သည်။

ကိုဗစ်- ၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်းလုံး၌ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံတွင် ရောဂါကူးစက်ခံရသူများ ပါဝင်နေသည်ကို တွေ့နေရဆဲဖြစ်သလို နောက်ထပ်လည်း နိုင်ငံအသီးသီးမှ ပြန်လာမည့်သူများ ရှိနေသေးသည့်အတွက် ရောဂါဓာတ်ခွဲအတည်ပြု လူနာအရေအတွက်မှာလည်း တစ်စထက်တစ်စ မြင့်တက်နေဦးမည်ဖြစ်သည်။ လက်ရှိအချိန်အထိ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိထိန်းချုပ် နိုင်နေခြင်းမှာ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခြင်းကြောင့်ဖြစ်သည်။ ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လိုအပ်ချက်ဖြစ်သလို စွန့်စားရသည့် ခြေလှမ်း တစ်လှမ်းကို စတင်လိုက်ခြင်းလည်း ဖြစ်သည့်အလျောက် မိဘ၊ ဆရာ၊ ကျောင်းသားတို့ အားလုံးက သတိတရားမြဲစွာထား၍ ရောဂါကူးစက်မှုမှ ကာကွယ်ကာ ပညာရေးခရီးလမ်း ဖြောင့်တန်းနိုင် ကြပါစေကြောင်း။

mna