ကပ်ရောဂါအခြေအနေအရ မန်းရွှေစက်တော်ဘုရားပွဲ မကျင်းပဖြစ် 

မင်းဘူး ၂၆  နိုဝင်ဘာ 

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တည်းခိုဆောင်များ၊ ဈေးဆိုင်များ ခင်းကျင်းပြီးကျင်းပရန် အစီအစဉ်မရှိတော့ဘဲ ဒေသဓလေ့ထုံးတမ်းအရ တပို့တွဲလဆန်း ၅ ရက်နေ့တွင် သြဝါဒဆရာတော်ကြီးများက အောက်စက်တော်ရာ ဖန်အုပ်ဆောင်း နှင့် အထက်စက်တော်ရာ ခြေတော်ရာ သံတံခါးကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ က သိရသည်။ 
    
“ အရင်နှစ် ပွဲတော်ကာလ တစ်ဝက်လောက်ကတည်းက ကပ်ရောဂါကြောင့် ပိတ်လိုက်ရပါတယ်။ ဒီနှစ်မှာလည်း မကျင်းပဖြစ်တော့ပါဘူး။ ပွဲတော်ကျင်းပမယ်ဆိုရင် နိုဝင်ဘာလကတည်းက ပြင်ဆင်ရတာပါ။ ခုက ပွဲတော်ကျင်းပမယ့် သောင်ပြင်ကို မပြင်တော့ဘူး။ တံတားတွေ မထိုးတော့ဘူး။ အထူးတံတားနေရာမှာ ဝါးတံတားလေးပဲရှိတယ်။ ဒီနှစ်က လေလံတွေ၊ ဆိုင်ခန်းတွေ၊ တည်းခိုဆာင်တွေ လုပ်ဖို့မလိုတော့ပါဘူး ” ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုး က အတည်ပြုပြောကြားသည်။
    
နိုဝင်ဘာလ ၂၄ ရက်နေ့က မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းတွင် ဘုရားပွဲတော်ကျင်းပရေးအတွက် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် သြဝါဒခံယူပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ရွှေစက်တော်ဘုရားအတွက် သီးသန့်ဖွဲ့ထားသည့် သြဝါဒစရိယ ဆရာတော်ကြီးကိုးပါး ကြွရောက်ခဲ့ကာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
    
သြဝါဒခံယူပွဲတွင် ဝန်ကြီးချုပ်က “  ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာနဲ့အဝှမ်းဖြစ်ပွားလျက်ရှိနေဆဲဖြစ်ပါသဖြင့် ယခုနှစ်မှာ ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရန် အခွင့်အလမ်း နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ပွဲတော်ခင်းကျင်းမည့် သောင်ပြင်ကိုလည်းပဲ ယမန်နှစ်များကကဲ့သို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း၊ အောက်ခြေတော်ရာ ပါဒခြေတော်ရာ အလင်းပေါက်ဖန်အုပ်ဆောင်း နှင့် အထက်ပါဒ စက်တော်ရာတို့ကို ဖွင့်လှစ်ရန် သင့်မသင့်နှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို မိန့်ကြားပေးစေလိုကြောင်း၊ ရှေးထုံးတမ်း အစဉ်အလာများကိုလည်း ထည့်သွင်း စဉ်းစားပေးစေလိုကြောင်း လျှောက်ထားခဲ့သည်။ 

ဆရာတော်ကြီးများက တပို့တွဲလဆန်း ၅ ရက်နေ့သို့ ရောက်ပါက ကိုဗစ်ကာလ ဖြေလျော့မှုများ မရှိသေးဘူးဆိုလျင် ထုံးတမ်းစဉ်လာအရ အောက်စက်တော်ရာ ဖန်အုပ်ဆောင်း နှင့် သံတံခါးပိတ်ထားသည့် အထက်စက်တော်ရာကို ဆရာတော်ကြီး ငါးပါးပင့်ပြီး အကျဉ်းရုံး၍ ဖွင့်လှစ်ပေးရန် သြဝါဒပေးခဲ့သည်ဟု ဂေါပကအတွင်းရေးမှူး က ဆိုသည်။
    
ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကို ဖွင့်ခွင့်ပေးလာပါက ပြန်ဖွင့်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားသည့် သတင်းများ ကြားရကြောင်း၊ ကပ်ရောဂါအခြေအနေ အပြောင်းအလဲများကြောင့် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ပုံမှန်ကျင်းပခွင့် ရလာပါကလည်း အရေးပေါ်ပြင်ဆင်ရမည့် အခြေအနေဖြစ်ကြောင်း၊ လတ်တလောတွင် လှေတင်တံတားမှနေ၍ ဘုရားဖူးများဝင်ခွင့်မပြုဘဲ ပိတ်ထားပြီး ဘုရားဖူးမြော်ခွင့်မှာ ကပ်ရောဂါ အခြေအနေပေါ်မူတည်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုး ထံက သိရသည်။ 

ဇေယျတု(မကွေး)