ကန်တော်ကြီး သဘာ၀ဥယျာဉ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ဖွင့်လှစ်

ရန်ကုန် ၁၂ ဇူလှိုင်

(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အဆင့်မြှင့်တင်ခဲ့သော ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ သမိုင်း၀င် ကန်တော်ကြီး သဘာ၀ဥယျာဉ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို ယနေ့ညနေပိုင်းက ဖွင့်လှစ်လိုက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားရာတွင် ယခု ကန်တော်ကြီး သဘာ၀ဥယျာဉ်တွင်ရှိသော ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်၏ အနှစ် (၄၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ပေးခဲ့သော သမိုင်းအမွေအနှစ် တစ်ခုဖြစ်ကြောင်း၊ ထို သမိုင်း၀င်ဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်ပန်းခြံကို ယခုအခါတွင် အဆင့်အတန်း မြင့်မားလှပသော ပန်းခြံတစ်ခုဖြစ်စေရန်နှင့် အများပြည်သူများအနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျယ်၀န်းစွာ ဂါရ၀ပြုနိုင်စေရန်၊ လွတ်လပ်ပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်သည့် ပန်းခြံတစ်ခုဖြစ်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်မြို့တော်၀န် ဦးမောင်မောင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေးကော်မတီမှ တာ၀န်ရှိသူများက အသစ်ပြန်လည် အဆင့်မြှင့်တင်ထားသော သမိုင်း၀င် ဗိုလ်ချုပ်ရုပ်ထုနှင့် ဗိုလ်ချုပ်ပန်းခြံတို့အား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယခုဖွင့်ပွဲကျင်းပသော ဗိုလ်ချုပ်ကြေးရုပ်ထုနှင့် ရင်ပြင်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာရှုခင်းနှင့် အားကစားကွင်းများဌာနမှ ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုလုပ်ငန်းတွင် မြေဖို့ပြုပြင်ခြင်း၊ ကွန်ကရစ်ကြမ်းခင်းလောင်းခြင်း၊ ခြံစည်းရိုးများကာရံခြင်း၊ သံပန်းနှင့်မီးများ တပ်ဆင်ခြင်း၊ ရေနုတ်မြောင်းနှင့် လျှောက်လမ်းကွေ့များ တည်ဆောက်ခြင်း၊ ခေတ်မီကြွေပြား တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအောက်ခံခုံ ပြုပြင်ခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထုနှင့် ရင်ပြင်သည် ကန်တော်ကြီး သဘာ၀ဥယျာဉ်၏ ဧရိယာအတွင်း မြောက်အရပ်တွင် တည်ရှိကာ ၁ ဒသမ ၃ ဧက ခန့်ကျယ်၀န်းကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုသည် ၁၉၅၅ ခုနှစ်တွင် လန်ဒန်မြို့ အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကြေးသွန်းပညာရှင် မစ္စတာကော့ပနယ်သည် ဦးစံဖေ၏ ရုပ်ထုပုံစံငယ်ကို ရွေးချယ်ပြီး ဗိုလ်ချုပ်ကြေးရုပ် သွန်းလောင်းခဲ့ခြင်းဖြစ်သည်။ အမြင့် ၈ ပေ ၄ လက်မရှိပြီး ရုပ်ထု၏ အောက်ခုံတွင် ရေးထိုးထားသော ကမ္ပည်းစာသားသည် ဆရာဇော်ဂျီ၊ ဆရာကြီးမင်းသု၀ဏ်၊ ၀န်ကြီးချုပ်ဦးနု၊ ဦးသန့်နှင့် ဗိုလ်မှူးကြီးဘရှင်တို့မှ စိစစ်ရွေးချယ်ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံအာကာစိုး