ကျွန်တော်အမှတ်ရနေသော ဗိုလ်ချုပ်

mdn

(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

 

အဖေ (၆-၁၁-၂၀၁၁ နေ့တွင် ကွယ်လွန်သွားခဲ့သော ယောက္ခမဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင်) ရေးသားခဲ့သော ဗိုလ်ချုပ်နှင့်သူ အမှတ်တရ ဆုံစည်းခဲ့ရသည့် ဖြစ်စဉ် (၄)ရပ်အပေါ်တွင် သမိုင်းအချက်အလက်အချို့ကို ဖြည့်စွက်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ (စာရေးသူ)

 

ကျွန်တော်အမှတ်ရနေသော ဗိုလ်ချုပ်

 

 

ဒလဘန်း

 

(ယမန်နေ့မှအဆက်)

 

အပင်ပန်းဆုံး စစ်ရေးလေ့ကျင့်ရသည့်နေ့ ဗိုလ်ချုပ် စေတနာနှင့်ကျွေးသည့် ကိတ်မုန့်စားရသည်မှာ အဖေ့ အတွက် အမှတ်တရဖြစ်စေလှပါသည်။

မင်္ဂလာဒုံနှင့်မန္တလေးမှ သင်တန်းသားစုစုပေါင်း ၃၀၀ မင်္ဂလာဒုံစစ်သင်တန်းကျောင်း၌ ရှေးဦးစွာ အကြပ် သင်တန်းတက်ကြရသည်။ သုံးလပြည့်သင်တန်းဆင်းမှ အယောက် ၁၅၀ ကသာ ဗိုလ်သင်တန်းတက်ကြရသည်။ သင်တန်းထူးချွန်သူများထဲပါ၍ ဂျပန်ဘုရင့်စစ်တက္ကသိုလ် သို့ တက်ရောက်ရန် ရွေးချယ်ခံရသည်။ အဖေတို့စစ်ပညာ သင် ပထမအသုတ် အယောက် ၃၀ သည် ၁၉၄၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာကြရသည်ဟု အဖေ့မှတ်စုများအရ သိရပါ သည်။ မြန်မာပြည်ကို ဂျပန်က လွတ်လပ်ရေးပေးသည့် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့သည် တိုက်တိုက်ဆိုင်ဆိုင် အဖေတို့ဂျပန်စစ်တက္ကသိုလ်ကျောင်းဝင် အခမ်းအနားနေ့ ဖြစ်သည်။ ဂျပန်ရေမြေပတ်ဝန်းကျင်၌ အသားကျစေရန် ရှေးဦးစွာ Orientation သင်တန်းငါးလ တက်ရသည်။ ပြီးမှ ပုံမှန် ၁၈ လ သင်တန်း တက်ရောက်ကြရသည်။ သင်တန်းတွင် တရုတ်၊ ကိုရီးယား၊ မန်ချူး၊ မွန်ဂိုများလည်း ပါသည်။ သင်တန်းပြီးဆုံးသော်လည်း ကမ္ဘာစစ်ကြီးအခြေ အနေကြောင့် မြန်မာပြည်မပြန်နိုင်၍ ဟာကိုနေ (Hakone) ရေကန်နား မီးသွေးဖုတ်သည့်လုပ်ငန်းတစ်ခုတွင် ပါဝင် လုပ်ကိုင်ရင်း နေထိုင်ကြရသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်က အမေရိကန်ထံ လက်နက်ချကြောင်း စာချုပ်လက်မှတ်ထိုး၊ မြန်မာပြည်မှာလည်း လက်နက်ချ ကြောင်း စက်တင်ဘာလ ၆ ရက်နေ့တွင် တရားဝင် လက်မှတ်ထိုးပြီးမှ အမေရိကန်စစ်တပ်က အဖေတို့ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဗြိတိသျှတပ်လက်သို့ လွှဲပြောင်းပေးပြီး British Intelligence Corp. က စစ်မေး သည်။ တစ်လခန့်အကြာ စင်ကာပူသို့ရောက် ထိုမှ တစ်ဆင့် မြန်မာပြည်သို့ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ကုန်ခါနီးတွင်မှ ပြန်ရောက်ကြသည်။

ဗြိတိသျှတို့အုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိ

ဂျပန်ပေးသည့် စစ်သင်တန်းတက်ပြီး မိမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ မြန်မာပြည်ကို အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သည့် ဂျပန်ကို အင်္ဂလိပ် မဟာမိတ်တပ်များနှင့် ဗမာ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ထုတ်ပြီး ဗြိတိသျှတို့အုပ်ချုပ်မှုအောက် ပြန်လည် ရောက်ရှိနေပေပြီ။

ဗြိတိသျှအစိုးရက မြန်မာပြည်စစ်အုပ်ချုပ်ရေးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရုပ်သိမ်းကာ မြန်မာ ပြည်ဘုရင်ခံ Sir Dorman Smith သည် Cleopatra စစ်သင်္ဘောဖြင့် ရန်ကုန်သို့ တရားဝင်ပြန်ရောက်လာပြီး ဘုရင်ခံနှင့်အတူ "စစ်ပြေးဆင်းမလားအစိုးရ" အဖွဲ့လည်း ပြန်လည်လိုက်ပါလာကြသည်။

မျိုးချစ်ဗမာ့တပ်မတော်ကလည်း နိုင်ငံရေးနှင့်မသက် ဆိုင်တော့၍ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ချုပ်က နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ် ကိုယ်နှိုက်ကလည်း ဗြိတိသျှတို့က ကမ်းလှမ်းလာသည့် လက်ထောက်စစ်ရေးအရာရှိချုပ်ရာထူးကို ငြင်းပယ်လျက် မျိုးချစ်ဗမာ့တပ်မတော်ကလည်း နုတ်ထွက်ကာ နိုင်ငံရေး နယ်ပယ်သို့ ဝင်ခဲ့လေသည်။ ဇွန်လ ၂၆ ရက်နေ့တွင် ဖတပလကို ပြန်လည်ဖွဲ့စည်းလိုက်သည့် ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်

ဂျပန်မှ အဖေပြန်လည်ရောက်ရှိပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ် ခံရကာ ပျဉ်းမနား သနက (၅)တွင် တာဝန်ထမ်းဆောင်ရသည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် မေမြို့၌ အရာရှိငယ်သင်တန်း တက်နေခိုက် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်တစ်ခုမှအပြန် မေမြို့သို့ ခေတ္တဝင်ရောက် နားမည့် သတင်းရကြသည်။ သင်တန်းသားထဲက မူလ မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Force)က အဖေတို့အရာရှိ ၃၀ခန့် အထက်မှ ခွင့်ပြုမိန့်တောင်းခံကာ ဗိုလ်ချုပ်ကို ဧည့်ခံခွင့်တောင်းကြသည်။ ခွင့်ပြုမိန့်ရ၍ ဗိုလ်ချုပ် ရောက်လာသည့်အခါကြိုဆိုပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်။ လက်ဖက်ရည်သောက်ရင်း ဗိုလ်ချုပ်နှင့် တရင်းတနှီး နှစ်နာရီခန့်ကြာအောင် ဧည့်ခံကာ စကားပြော ခွင့်ရလိုက်ကြသည်။ ထိုနေ့တွေ့ဆုံမှုကား ဗိုလ်ချုပ်နှင့် ပထမဆုံး နီးနီးကပ်ကပ် တွေ့ဆုံခွင့်ရခြင်းဖြစ်သလို နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်သည်ကို နောက်မှ သိရသည်။

အဖေတာဝန်ထမ်းဆောင်ရာ သနက(၅) သည် ပျဉ်းမနားမှ ပဲခူးသို့ပြောင်းသည်။ ဗြိတိသျှ Southern Command လက်အောက် Operation Flash Forces စစ်ဆင်ရေးတွင် တပ်မ (၁၇)နှင့် နယ်မြေထိန်း တာဝန်ယူရ သည်။ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖောင်တော်သီမြို့များရှိ ဆန်ဂိုဒေါင်များကို လုံခြုံရေးယူရသည်။ ဗိုလ်ချုပ်ဖြတ်သွား၊ ဖြတ်လာခရီးစဉ်များရှိသော်လည်း လူကိုယ်တိုင်မဆုံရပေ။ မိခင်တပ်ရင်း သနက(၅)က ပဲခူးမှတစ်ဖန် ရန်ကုန်သို့ ပြောင်းရပြန်သည်။ ဂျပန်စစ်သုံ့ပန်းများရှိရာ အလုံထောင် ကြီးကိုလည်း အဖေ့တပ်ခွဲက လုံခြုံရေးတာဝန်ယူရသည်။ အထွေထွေ သပိတ်မှာ ရဲများပါသွား၍ ဂတ်တဲသုံးခုကိုလည်း တပ်စုက တာဝန်ယူရသည်။

အထွေထွေသပိတ်ကြီး ပြီးဆုံးခဲ့

နိုင်ငံတော်အတွင်း အထွေထွေသပိတ်ကြီးက ဖြစ်နေ သည်။ Sir Dorman Smith ဖွဲ့စည်းပေးထားသည့် ဘုရင်ခံ အမှုဆောင်ကောင်စီသည် သပိတ်အရေးအခင်းများကို ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ဆာပေါ်ထွန်း ခေါင်းဆောင်သည့်အစိုးရ ပြုတ်ကျပြန်သည်။ မြန်မာနိုင်ငံ ဘုရင်ခံ Sir Dorman Smith တာဝန်များပြီးဆုံး၍ ဇွန်လ ၁၄ ရက်နေ့က ပြန်လည်ထွက်ခွာသွားခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့တွင် Sir Hubert Rance ဘုရင်ခံဖြစ်လာပြီး ရန်ကုန်သို့ စက်တင်ဘာလ ၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ Sir Hubert Rance ၏ ဘုရင်ခံအမှုဆောင်ကောင်စီ(အစိုးရ ဝန်ကြီးအဖွဲ့)၌ပါဝင်ရန် ဗိုလ်ချုပ်ကလက်ခံလိုက်၍ အမျိုးသား ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဘုရင်ခံ ၏ အမှုဆောင်ကောင်စီတွင် ဒုတိယဥက္ကဋ္ဌနှင့် ကာကွယ်ရေး နှင့် နိုင်ငံခြားရေးတာဝန်တို့ကို ဗိုလ်ချုပ်ကရယူခဲ့ပြီး ဦးဆောင်ကာ သပိတ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်း ရာ အောက်တိုဘာလဆန်းတွင် အထွေထွေသပိတ်ကြီး ပြီးဆုံးခဲ့သည်။

ဗိုလ်ချုပ်ဦးဆောင်သော ဘုရင်ခံအမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့က ဗြိတိသျှအစိုးရအနေဖြင့် မြန်မာပြည် လွတ်လပ်ရေးနှင့်ပတ်သက်ကာ တိကျရှင်းလင်းသောအဖြေ ကို သတ်မှတ်ချိန် ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း မပေး လျှင် ဗိုလ်ချုပ်၏အစိုးရအဖွဲ့ နုတ်ထွက်မည့်အကြောင်း ကြေညာချက်ထုတ်သည်။ ဗြိတိသျှဝန်ကြီးချုပ် Atlee ၏ ဖိတ်ကြားချက်အရ လွတ်လပ်ရေးရရှိရေးကိစ္စများဆွေးနွေး ရန် အဖွဲ့ဝင် ၁၆ ဦး ပါဝင်သောအဖွဲ့ကို ဗိုလ်ချုပ်ခေါင်းဆောင် ကာ အင်္ဂလန်နိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထွက်ခွာ ခဲ့သည်။ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအပေါ် မူတည်ကာ သမိုင်းဝင် အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် ရေးထိုးနိုင်ခဲ့ကြ သည်။ ယင်းသို့ လက်မှတ်ရေးထိုးပွဲတွင် အဖွဲ့ဝင် သခင် ဗစိန်နှင့် ဂဠုန်ဦးစောတို့ မပါဝင်ခဲ့ပေ။

ပင်လုံစာချုပ်

မြန်မာပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်ကား မအားမလပ် တောက်လျှောက်ကြိုးပမ်းအားထုတ်သည်။ လွတ်လပ်ရေးရရှိရန်အတွက် အလွန်အရေးကြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဗြိတိသျှရေတပ်လက်ထောက် ဗိုလ်ချုပ်မစ်ချယ်က စစ်ရေယာဉ် မေယု” (H.M.S.FALE)ကို မေလ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့၌ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံရေး ရှင်းတမ်း လူထုစည်းဝေးပွဲကြီးတွင် ဗိုလ်ချုပ်က တိုင်းပြုပြည်ပြု လွှတ်တော်ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ သည်။

အဖေငယ်စဉ် အထက်တန်းကျောင်းသားဘဝ ကတည်းက စံနမူနာယူ လေးစားအားကျခဲ့ရသော လွတ်လပ်ရေးခေါင်းဆောင်တစ်ဖြစ်လဲ တစ်ချိန်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ တိုင်းပြည် လွတ်လပ်ရေးရရှိရေး ကြိုးပမ်းအောင်မြင်မှုသတင်းများကို မိမိ တပ်တာဝန်များထမ်းဆောင်နေရာမှ နားစွင့် ဝမ်းသာပီတိဖြစ်နေရစဉ် ဗိုလ်ချုပ်တို့ အတွင်းဝန်များရုံး၌ အမှုဆောင်ကောင်စီ အစည်းအဝေးပြုလုပ်နေစဉ် လုပ် ကြံခံရသော ဝမ်းနည်းဖွယ်သတင်းကို အမှတ်မထင် ၁၉ ဇူလိုင် ညနေ၌ ကြားလိုက်ရချိန် အဖေမယုံနိုင်အောင် ဖြစ်ခဲ့ ရသည်။ တုန်လှုပ်ချောက်ချား ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ရသည်။

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ ဘုရင်ခံနှင့် တွေ့ဆုံပြီးအပြန်လမ်းတွင် သေနတ်ပစ်ခံရ၍ ဒဏ်ရာ ရကာ ဗိုလ်ချုပ်အပေါ် အထင်လွဲမှားခဲ့သော ဦးစော၏ တပည့်များလက်ချက်ဖြင့် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်အချို့ ကျဆုံးခဲ့ရကြောင်း မကြာမီကြားသိရသည်။ ဦးစော၏ ကျန်းမာရေးသတင်းမေးရန် ဗိုလ်ချုပ်သည် သခင်နုနှင့် အတူ စက်တင်ဘာလ၂၇ ရက်နေ့က ဦးစောထံ ရောက်ရှိ ခဲ့ကြသေးသည်။

 

ဗိုလ်ချုပ်ရုပ်ကလာပ်ကို စစ်အခမ်းအနားသဘောဖြင့် နောက်တစ်ရက်တွင် ဂျူဗလီခန်းမကြီးသို့ ပြောင်းရွှေ့ သယ်ယူပြီး လူထုဂါရဝပြုခံရန် ၁၉ ရက်နေ့ ညနေက ဝန်ကြီး ချုပ်ဖြစ်လာသောသခင်နုနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ကြ သည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည်နှင့် အဖေ့တပ်စုက ရန်ကုန်မြို့မြောက်ဘက်ထွက်ပေါက်၊ အင်းလျားကန် ယခုကြက်ကျွန်းနေရာတွင် လုံခြုံရေးကင်း တာဝန်ယူရ သည်။

ဗိုလ်ချုပ်ရုပ်ကလာပ်ကို စစ်အခမ်းအနားသဘောဖြင့် ဂျူဗလီခန်းမကြီးသို့ သယ်ယူရန်စဉ်းစားရာ တပ်ခွဲမှူးက အဖေ့တပ်စုကို အဆိုပါကိစ္စတာဝန်ယူဆောင်ရွက်ရန် တာဝန်ပေးသည်။

သူ့တွင်ရှိသော အကောင်းဆုံးယူနီဖောင်းတစ်စုံကို အဖေရွေးဝတ်ပြီး ရဲဘော်များနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်စောစော ဗိုလ်ချုပ်၏ တာဝါလိန်းအိမ်သို့ သွားကြသည်။ ဗိုလ်ချုပ်အိမ်ဝန်းကျင်တွင် မျှော်လင့် မထားသော လူအုပ်ကြီးရှိနေ၍ လူထုကိုတောင်းပန်ပြီး အိမ်ဝင်းအတွင်းသို့ ခက်ခက်ခဲခဲ အဖေတို့ ဝင်ခဲ့ကြရသည်။

ဗိုလ်ချုပ်ရဲ့နောက်ဆုံးခရီး

ဗိုလ်ချုပ်ရုပ်ကလာပ်ကို ခြံတွင်းမှသယ်ထုတ်ယူရာတွင် ပရိသတ်များ လမ်းတစ်လျှောက်ကြိတ်ကြိတ်တိုးနေ၍ ကန်တော်ကြီးလမ်းမပေါ်ရောက်မှ စနစ်တကျဖြစ်ပြီး မိမိ ရောက်ရှိသည့်နေရာကို ကောင်းစွာမြင်ကြရသည်။ အဖေ့ တပ်စုက ဗိုလ်ချုပ်ရုပ်ကလာပ်၏ အရှေ့နှင့်အနောက်ဘက်မှ စောင့်ရှောက်လိုက်ပါရပြီး ပြည်သူ့ရဲဘော်များက ကြားထဲ သို့ ဘေးမှတိုးဝင်လာသူများကို မေတ္တာရပ်ခံ တားဆီးဖယ်ရှား ကြရသည်။ သူတို့ချစ်သော ဗိုလ်ချုပ်ရုပ်ကလာပ်ကို ပြည်သူ များက လမ်းတွင် သယ်လိုကြသည်။ ထိုနေ့ ရာသီဥတုကား နေမပူ မိုးတစ်စက်မကျဟု အဖေ့မှတ်စုများမှာ တွေ့ရပါသည်။

ဂျူဗလီခန်းမရောက်သောအခါ အသင့်ပြင်ထားသော ခန်းမအတွင်းရှိစင်မြင့်ပေါ်သို့ ရုပ်ကလာပ်ကို နေရာချသည်။ ပြီးတော့ ရဲဘော်များနှင့်အတူ ဗိုလ်ချုပ်ကိုအလေးပြုကာ သနက(၅) တပ်ခွဲကလည်း လမ်းဘေးရဲဘော်များကို တပ်သို့ ပြန်နားစေပါသည်။ နေဝင်ပြီးမှ အဖေတစ်ယောက်တည်း ဗိုလ်ချုပ်ကိုထိုင်ကန်တော့သည်။ အဖေ့နှုတ်က တိုးတိုးနှင့် လေးလေးရွတ်ဆိုလိုက်သည်က ဗိုလ်ချုပ်ရဲ့ နောက်ဆုံးခရီး မှာ အခုလို ကျွန်တော့်ကို အမှုထမ်းခွင့်ပေးတာကို ဂုဏ်ယူ၍ ဆုံးနိုင်မည်မဟုတ်ပါခင်ဗျား

ဗိုလ်ချုပ် မသမာသူတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရ သော်လည်း ဗိုလ်ချုပ်လိုလားတောင့်တ ကြိုးစားခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်ကျဆုံးပြီး ငါးလကျော် ကာလအကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာပြည်သူတို့ ရရှိခံစားခဲ့ရပါသည်။

မှီငြမ်းကိုးကားစာရင်း

၁။ ဖိုးအောင်လေး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း

၂။ မြဟန် ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်

၃။ လွင်၊ ဦး

လက်ရေးမှတ်စုများ

၄။ သမိုင်းသုတေသီ(၆)ဦး

ဗိုလ်ချုပ်အောင်ဆန်း

အတ္ထုပ္ပတ္တိ(စာမူ)