ကျွန်ပညာမှသခင်ပညာသို့၊ အမျိုးသားပညာရေးရာပြည့်

၁၆  အောက်တိုဘာ

မြန်မာအမျိုးသားတို့၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သော ခေတ်ပညာတတ် လူငယ်များ၏ အမျိုးသားပညာရေးလှုပ်ရှားမှုတို့ကို ခွဲခြား၍မရစကောင်းပါ။ ကျောင်းသားလူငယ်များသည် ရဟန်းရှင်လူပြည်သူများနှင့်အတူ ဗြိတိသျှအစိုးရကပေးသော ဒိုင်အာခီအုပ်ချုပ်ရေးကို လက်မခံခဲ့ကြဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ တောင်းဆိုခဲ့ကြသည်။

၁၉၂၀ ပြည့်နှစ်တွင် ဗြိတိသျှတို့၏ မတရားဖိနှိပ် ချုပ်ချယ်သော အုပ်ချုပ်ရေးနှင့် တစ်ဖက်သတ်အနိုင်ကျင့် ရေးဆွဲထားသော တက္ကသိုလ်အက်ဥပဒေကို မျိုးချစ် စိတ်ဓာတ်ပြင်းထန်စွာဖြင့် ခေတ်ပညာတတ်ကျောင်းသား လူငယ်များက ဆန့်ကျင်သပိတ်မှောက်ရာမှ အမျိုးသား ပညာရေးမျိုးစေ့ကို သန္ဓေတည်ပေးနိုင်ခဲ့သည်။

နိုင်ငံ့သားကောင်းများမွေးထုတ်ပေးရာအစ မြို့မကျောင်းက

နိုင်ငံတာဝန်ကို ကြီးလေးစွာတာဝန်ထမ်းဆောင်ခဲ့ကြသော ခေတ်အဆက်ဆက်က မြို့မကျောင်းထွက် ကျောင်းသား ကျောင်းသူများ၊ ရဲဘော်သုံးကျိပ်ဝင် သမိုင်း ဝင်ထင်ရှားသော နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သော၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားကြီးများ ပေါ်ထွန်းခဲ့သော၊ ဂီတ၊ ရုပ်ရှင်၊ စာပေဆုရှင်များ ထင်ရှားခဲ့သော၊ လွတ်လပ်ရေးရပြီးစ ပြည်တွင်းသောင်းကျန်းမှုတိုက်ပွဲများ ကာလအတွင်းနိုင်ငံ အတွက် တိုက်ခိုက်ရင်း အသက်ပေးလှူခဲ့ကြသော၊ ကျောင်းသားတပ်ဖွဲ့များအဖြစ် ကျောင်းသားလူငယ်များ အပေါ် နိုင်ငံချစ်စိတ်များ ရိုက်သွင်းပေးနိုင်ခဲ့သော မြို့မအမျိုးသားကျောင်းကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ဆိုလျှင် အနှစ်သက်တမ်း (၁၀၀) ပြည့်မြောက်တော့မည် ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်း၊ ကျောင်းသားသမိုင်းဖြစ်စဉ်များအနက် လူငယ်များ၏ ဘဝအသီးသီးကို မြေတောင် မြှောက်ပေးနိုင်ခဲ့သော မြို့မအမျိုးသားအထက်တန်း ကျောင်းကြီး၏ တည်နေရာသည် ယခုရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အ-ထ- က (၂) ဒဂုံ တည်ရှိသော နေရာပင်ဖြစ်ပါသည်။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ခဲ့ သောကျောင်း၏သက်တမ်းသည် နှစ် ၁၀၀ သက်တမ်းရှိပြီ ဖြစ်ပြီး ဆရာကြီး ဦးဘလွင် ခေါ် မြို့မဦးဘလွင်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးစွာတည်ထောင် သည့်နေရာသည် ဗဟန်းမြို့တွင်ဖြစ်ပြီး၊ ရွှေတိဂုံဘုရား အရှေ့ဘက်၊ ဗဟန်းကြား တောရလမ်း ကျောင်းသား သပိတ်စခန်းဖွင့်ရာ ဦးအရိယကျောင်းနေရာတွင်ဖြစ်ကာ ဆရာကြီးဦးဘလွင်သည် မြို့မကျောင်းအုပ်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

အမျိုးသားရေးစိတ်ဓာတ်အစ အမျိုးသားကျောင်းက

ယခုကျောင်းတော်ကြီး အဆောက်အအုံသည် ၁၉၂၉ ခုနှစ်မှသာ သန္ဓေတည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နဝမအကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ မြို့မအမျိုးသားကျောင်းကြီးကို မင်္ဂလာအုတ်မြစ်ချခဲ့ကြပြီး ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက် အမျိုးသားအောင်ပွဲနေ့ တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ကိုလိုနီပညာရေးစနစ်၏ အားနည်းချို့ယွင်းချက်များ ဖြစ်သော တိုင်းရင်းသားလူငယ်အားလုံး လက်လှမ်းမမီ နိုင်သည့် ပညာရေးအခြေအနေ၊ အုပ်ချုပ်သူအလိုကျ တစ်ဖက်သတ် ရေးဆွဲထားပြီး ရှုပ်ထွေးလှသော သင်ရိုး ညွှန်းတမ်းများကြောင့် တစ်နိုင်ငံလုံးမှကျောင်းသားများက သပိတ်မှောက်ဆန့်ကျင်ခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့စေခဲ့သည်။ ကျောင်းသားများ၏ လှုံ့ဆော်မှုသည် အရေးပါအရာ ရောက်ခဲ့သလို အစိုးရက ဖွင့်လှစ်သော ကျောင်းများတွင် လူငယ်များသည် မတက်တော့ဘဲ မိမိတို့ ကိုယ်ပိုင်အမျိုး သားပညာရေးကျောင်းများကိုသာ ဒေသအနှံ့ ခက်ခက်ခဲခဲ ထူထောင်ခဲ့ကြရသည်။

အမျိုးသားရေးစိတ်ဓာတ် မည်မျှပြင်းထန်သနည်းဆိုလျှင် ကိုလိုနီအစိုးရက ခန့်ထားသော မြို့အုပ်များ၊ ဝန်ထမ်းများပင် မြင့်မားသော အစိုးရလစာအခွင့်အရေးများကို စွန့်လွှတ်ကာ မြို့မကျောင်းများတွင် ကူညီကာ တာဝန်ထမ်းဆောင်ကြတော့သည်။ ကျောင်းများကို ရှေးဦးအစ နေရှင်နယ်ကျောင်းများ၊ တိုင်းရင်းသား ကျောင်းများအဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြရာမှ ယခုမြို့မကျောင်းသည် ဗဟိုနေရှင်နယ်ကျောင်းအဖြစ် အမည်တွင်ခဲ့သည်။

စဉ်ဆက်မပြတ်မွေးမြူနေရမည့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်

မြို့မကျောင်းများမှ မွေးထုတ်ပေးခဲ့သော အမျိုးသားရေး စိတ်ဓာတ်ကောင်းများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသော ကျောင်းသားများကြောင့် တက္ကသိုလ် သပိတ်ပေါ်ပေါက်ခဲ့၏။ ထိုပထမဆုံးသော ကျောင်းသား သပိတ်ကပင် မြန်မာပြည်လူထုကို ဗြိတိသျှလက်အောက်မှ လွတ်မြောက်လိုစိတ်နှင့် နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို မွေးဖွားပေးခဲ့၏။ ရလဒ်အဖြစ်ပေါ်ထွန်းခဲ့သော မြန်မာအမျိုးသားကျောင်းများကြောင့် လွတ်လပ်ရေး ပန်းတိုင်ဆီသို့ အမျိုးသားရေးစိတ်ဓာတ်ကို သယ်ဆောင်ပေးနိုင်ခဲ့သည်။ မြို့မကျောင်းများသည် လွတ်လပ်ရေး၏ အမြုတေဖြစ်ခဲ့သလို အမျိုးသားကျောင်းများမှ မွေးထုတ်ပေးခဲ့သော မျိုးချစ်စိတ်ဓာတ်အရင်းခံ ခေတ်ပညာတတ် လူငယ်များသည် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ခေါင်းဆောင်မှုပေးနိုင်ခဲ့သည့် ထင်ရှားသည့် ပုဂ္ဂိုလ်အကျော်အမော်များ ဖြစ်ခဲ့သည်။

လွတ်လပ်ရေးရရှိပြီး ခေတ်စနစ်အသီးသီးကို ဖြတ်သန်းခဲ့ကြရသည့် မြန်မာပြည်လူထုအတွက်မူ ရယူခဲ့ဖူးသည့် အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်ကို အခြေခံ၍ ခက်ခက်ခဲခဲရယူခဲ့ရသည့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းလိုစိတ်ကို စဉ်ဆက် မပြတ် မွေးမြူပျိုးထောင်နေရပါမည်။ မြို့မကျောင်းများမှ သန္ဓေတည်ပေးခဲ့သည့် ခေတ်အဆက်ဆက် ခေါင်းဆောင်များ၏ ကောင်းမွန်သည့် ကိုယ်ကျင့်သိက္ခာတရားများနှင့် အတူ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အာကိုးအားထားပြုရမည့် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးအတွက်မူ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေရမည်သာ ဖြစ်ပါသည်။

မျိုးဆက်သစ်လူငယ်များအတွက်ရင့်ကျက်မှုနှင့် အင်အားများ

နှစ် ၁၀၀ သက်တမ်း ပြည့်တော့မည်ဖြစ်သည့် ရာပြည့်နှစ်၏ ကျေးဇူးတရားများကို သတိတရဖြင့် မမေ့မလျော့အပ်ပါ။ ကျောင်းအဆောက်အအုံကြီး၏ သက်တမ်းနှင့်အတူ ယင်းကျောင်းကြီး၏ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်ကို မပျက်မစီးမယိုယွင်းစေရန် ဆက်လက်တည်တံ့နေရန် အစဉ်ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်ပါသည်။ မြေတောင်မြှောက်ပေးနိုင်ခဲ့သော အမျိုးသားပညာရေးနှင့် ခေါင်းဆောင်များ၏ ကျေးဇူးတရား များကို အသိအမှတ်ပြုသင့်ပါသည်။

သမိုင်းတွင်သည့် အထိမ်းအမှတ်များအနက် ရာပြည့် အမျိုးသားကျောင်းသမိုင်းက ယနေ့မျိုးဆက်သစ်လူငယ် များအတွက် အင်အားများ၊ ရင့်ကျက်မှုများကို ဖြစ်စေပါ သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆဲ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပိုမိုခွန်အားဖြစ်စေပါသည်။ မပြည့်မစုံဆင်းဆင်းရဲရဲဖြင့် ဖိနှိပ်မှုအောက်မှ ရုန်းကန်ခဲ့ကြရသော ထိုခေတ်အခါက လူငယ်များ၏ နမူနာသည် အလင်းရောင်ပျောက်ကာ အမိုက်မှောင်ထဲ စမ်းတဝါးဝါးဖြစ်နေကြသော ယနေ့ ခေတ် လူငယ်အချို့အတွက် စံပြဖြစ်စေပါလိမ့်မည်။

ရာပြည့်အမှတ်တရတွင် ကျွန်ပညာနှင့် သခင်ပညာကို ကွဲကွဲပြားပြားနားလည်နိုင်စွမ်းရှိပြီး လွတ်လပ်သော ဘဝနှင့်အတူ လွတ်လပ်သောပညာသင်ကြားရေး၊ ဒုတိယတန်းစားပညာရေးဟု မသတ်မှတ်သင့်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို ကိုယ့်ထူးကိုယ်ချွန်စိတ်ဖြင့် စွမ်းစွမ်းတမံအားထုတ်သင်ယူပြီး အရည်အချင်းရှိသော ကျောင်းသားလူငယ်များအဖြစ် ပျိုးထောင်ကြစေလို ပါသည်။

ကောင်းမွန်သောပညာရေးစနစ်အတွက် အမွေကောင်း

ကိုလိုနီခေတ်ပညာရေးသည် အုပ်စိုးသူအလိုကျ သူတို့၏ အင်ပါယာကိုချဲ့နိုင်သမျှ ချဲ့ထွင်နိုင်အောင် အထောက်အကူပြုသည့် ပညာရေးစနစ်ဖြစ်သည်။ ယနေ့ ကျင့်သုံးနေသော ဒီမိုကရေစီစနစ်နှင့် ကိုက်ညီစေရန် ကဏ္ဍပေါင်းစုံ မြှင့်တင်ပြောင်းလဲနေရာတွင် ပညာရေး လည်း အပါအဝင်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ပညာရေးပြုပြင် ပြောင်းလဲမှုကို ၂၀၁၁ ခုနှစ်ကတည်းက စတင်အကောင် အထည်ဖော်လျက်ရှိသလို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေးဥပဒေနှင့်အတူ ပညာမသင်မနေရ စနစ်အောက်ဝယ် လူတိုင်းပညာသင်ခွင့်ရရှိနေကြပြီလည်း ဖြစ်ပါသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အောင်မြင်မှုအသီးအပွင့်များကို တွေ့ရှိနေသော်လည်း စိန်ခေါ်မှုများစွာ ကျန်ရှိနေပါသေးသည်။ ပညာရေးကဏ္ဍ၏ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ သင်ကြားမှုပုံစံကို လည်း ပြောင်းလဲလျက်ရှိသည်။ သင်ရိုးညွှန်းတမ်းများကို လည်း ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံလျက်ရှိပါသည်။ ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်ပေးနေမှုနှင့် အတူ ကျောင်းဝင်ကြေးများလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။ ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ဆုများ ပေးအပ်ခြင်းကြောင့် ကျောင်းအပ်နှံမှုနှုန်းမှာ မြင့်မားလာသလို ကျောင်းသားနှင့် ကျောင်းအရေအတွက်မှာလည်း တိုးမြှင့်လာလျက်ရှိသည်။ ပညာရေးအဆင့်တိုင်းတွင် ဆရာဆရာမများကို တိုးမြှင့်ခန့်ထားလျက်ရှိပြီး ကျောင်းသား ဆရာအချိုးမြင့်မားနေမှုကို လျှော့ချရန် ကြိုးစားလျက်ရှိသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် စိန်ခေါ်မှုများအတွက် အမျိုးသားရေးစိတ်ဓာတ်

ပြောင်းလဲမှုများနှင့်အတူ မလွဲမသွေကြုံတွေ့ရင်ဆိုင် ရတတ်သည်ကတော့ အခက်အခဲများနှင့် စိန်ခေါ်မှုများ ပင်ဖြစ်သည်။ နိုင်ငံတကာပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် ယှဉ်လျှင်မူ စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ပါသည်။ လူသား၊ ငွေကြေးနှင့် ရုပ်ပစ္စည်းဆိုင်ရာ အရင်းအမြစ်များ၊ ကျေးလက်နှင့် မြို့ပြအကြား အခြေခံအဆောက် အအုံများတွင် ကွာဟချက်များ၊ မိဘများ၏ ပညာရေး အခြေခံမျှော်မှန်းချက်များနှင့် မိဘ ဆရာပူးပေါင်း ပါဝင်မှု၊ ရေရှည်ဆောင်ရွက်မှုဖြင့် ပြောင်းလဲမှုတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုစသည်များကို တွေ့ရှိ ရသည်။

ထုထည်ကြီးမားသော စိန်ခေါ်မှုများစွာအနက် ပြုပြင် ပြောင်းလဲလိုစိတ်က အခရာကျလှသည်။ နိုင်ငံပညာရေးနှင့် လွတ်လပ်ရေးအတွက် ဦးဆောင်မှုစိတ်ဓာတ်နှင့် အရည်အချင်းများရှိသည့် ခေါင်းဆောင်များ ပေါ်ထွန်းလာရန် အတွက် လှုံ့ဆော်မှုပေးနိုင်ခဲ့သည့် အမျိုးသားကျောင်းများ၏ ရာပြည့်နှစ်ခံယူချက်များ၊ ဗဟုသုတများက ပြည်သူများ၏ ပြုပြင်ပြောင်းလဲလိုမှုကို တွန်းအား ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

မြို့မအမျိုးသားကျောင်းများနှင့်အတူ အမြွှာမောင်နှမ သဖွယ် မျိုးချစ်စိတ်ဓာတ်အရင်းခံ၍ ပေါ်ပေါက်ခဲ့ကြသော မြို့မ အမျိုးသမီးကျောင်းဟူ၍လည်း ရှိခဲ့ပါသည်။ မိန်းကလေးကျောင်းသူများသည်လည်း ကျောင်းသား သပိတ်နှင့်အတူ ပါဝင်ခဲ့ကြပြီး မြို့မအမျိုးသမီးကျောင်း ကြီးအဖြစ် ၁၉၂၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော နေရာ များဖြစ်သည့် ယခုသမိုင်းဝင် အ-ထ-က (၂) ဒဂုံနှင့် အ-ထ-က (၃) ဒဂုံတို့သည် ရာပြည့်သဘင်ပွဲကို အနှစ် သာရရှိရှိဖြင့် ဆင်နွှဲရန် ၂၀၁၇ ခုနှစ်ကတည်းက စတင် လှုပ်ရှားဆောင်ရွက်လျက်ရှိကြပြီ ဖြစ်ပါသည်။

ကျောင်းသားလူငယ်များနှင့် ပြည်သူအပေါင်းသည် နိုင်ငံတော်၏ အမွေအနှစ်တစ်ခုဖြစ်သော ရာပြည့် အမျိုးသားပွဲတော်များကို တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြပြီး နိုင်ငံချစ်စိတ်အပြည့်အဝဖြင့် နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုးထမ်းဆောင်နိုင်သော နိုင်ငံသားများ ဆက်လက်ပေါ်ထွန်းရန် ဆန္ဒပြုလျက် ရေးသားလိုက်ရပါသည်။ ။

ဒေါက်တာမြတ်မိုး