ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ရောက်ရှိ

ရန်ကုန်  ၈  ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆို တွေ့ဆုံသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ၎င်းတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းသွားမည့် တရုတ်ယွမ်ငွေ (,၃၃၇,၃၃၄ဒသမ၂၅) တန်ဖိုးရှိ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ ဓာတ်ခွဲကိရိယာများ၊ စက်ပစ္စည်းများကို ကြည့်ရှုသည်။

 

ဆွေမျိုးပေါက်ဖော် မေတ္တာနက်ရှိုင်း၍ အပြန်အလှန်ကူညီဖေးမပေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက်တွဲတိုက်ဖျက်၊ အခက်အခဲအတူ ရင်ဆိုင်ကျော်လွှားဆောင်ပုဒ်ဖြင့် ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့တွင် Yunnan Administration of Traditional Chinese Medicine မှ စီမံအုပ်ချုပ်သူ၊ The First Affiliated Hospital of Kunming Medical University မှ ရင်ခေါင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်၊ ကူးစက်ရောဂါအထူးကုဆရာဝန်၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထူးကုဆရာဝန်၊ ကျန်းမာရေး စီမံခန့်ခွဲမှုအရာရှိ၊ အကြီးတန်းသူနာပြု၊ Yunnan Center for Disease Control and Prevention မှ ကပ်ရောဂါဗေဒပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များနှင့် Yunnan Provincial Hospital of Traditional Chinese Medicine မှ တရုတ်တိုင်းရင်းဆေးပညာရှင်တို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် (၁၅) ရက်တာနေထိုင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများ ဝေမျှခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ ဆေးပညာရှင်များအဖွဲ့သည် ၎င်းတို့ လုပ်ငန်းဆောင်ရွက်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။

 

သတင်းစဉ်