ကျန်းမာရေးကောင်းမွန်စွာဖြင့် အိမ်ပြန်သွားကြသည့် ဝူဟန်ပြန် ကျောင်းသား၊ ကျောင်းသူလေးများ၏ ကြည်နူးပျော်ရွှင်စွာ ပြောကြားခဲ့ကြသည့် အမှတ်တရစကားများ

မန္တလေး ၁၈ ဖေဖော်ဝါရီ

 

COVID-19 ဗိုင်းရပ်(စ်)ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူ၍ မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံတွင် ၁၄ ရက်ကြာ ရောဂါကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့ကြသည့် မြန်မာကျောင်းသား ကျောင်းသူ ၅၉ ဦးနှင့် ၎င်းတို့အား ပြန်လည်ခေါ်ယူရာတွင် ဝူဟန်မြို့သို့ လိုက်ပါသွားခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးတို့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျန်းမာရေးကောင်းမွန်စွာဖြင့် ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသားကျောင်းသူ ၅၉ ဦးတို့အား ဖေဖော်ဝါရီ ရက်တွင် ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူ၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် သီးသန့်ထားရှိကာ ဗိုင်းရပ်(စ်)ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုအား ၁၄ ရက်ကြာ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သည့် ဖေဖော်ဝါရီ ၁၅ ရက်အထိ သံသယဖြစ်ဖွယ်ရာ ရောဂါလဏ္ခာမတွေ့ရှိခဲ့သည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ကျန်းမာစွာ အိမ်ပြန်ခွင့်ရရှိကြသည့် ကျောင်းသားကျောင်းသူများနှင့် တာဝန်ယူ စောင့်ရှောက်ပေးသူများမှ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုခံယူသည့် ကာလအတွင်း ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ အမှတ်တရ စကားများကို ယခုလို ကြည်နူးပျော်ရွှင်စွာ ပြောကြားခဲ့ကြသည်။

 

မမေသူသူအောင် (ပင်လုံတက္ကသိုလ်၊ ဘူမိဗေဒဌာန)

 

mtta

 

ကျွန်မက ဝူဟန်မြို့က တက္ကသိုလ်မှာ Petroleum Oil and Gas အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူဖို့ သင်တန်းတက်နေတာပါ။ အခုလိုရောဂါမရှိဘဲ အိမ်ပြန်ခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာပါတယ်။ ဝူဟန်မြို့မှာ ဒီရောဂါ စဖြစ်နေတယ်ဆိုတာ သိခဲ့ရပေမယ့် ဒီလောက်အထိ ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ကိုယ့်ဘဝအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သလို ခံစားရပြီး အမှန်တကယ်လည်း ကြောက်မိပါတယ်။ ကျွန်မတို့ ခံစားနေရတယ်ဆိုတာထက် သူတို့နိုင်ငံသားတွေ ရောဂါခံစားနေရတာကိုကြည့်ပြီး စိတ်လည်းမကောင်းဖြစ်မိပါတယ်။ အခက်အခဲတွေကတော့ စားသောက်ဖို့အတွက် စူပါမားကက်တွေ ပိတ်တာကို ကြုံခဲ့ရတယ်။ ဒါကြောင့် စိုရိမ်မှုတွေရှိခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ခေါ်လို့ ရောက်လာတဲ့အချိန်မှာလည်း ဟိုမှာနေတုန်းက စီစဉ်ပေးထားသလို ဖြစ်လာပါမလားလို့ စိုရိမ်စိတ်တွေ ရှိခဲ့ပေမယ့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေရော တာဝန်ရှိသူတွေကပါ ဝမ်းပန်းတသာနဲ့ ကြိုဆိုစီစဉ်ပေးကြတဲ့အတွက် စိတ်ထဲမှာ တကယ်အားရကျေနပ်မိပါတယ်။ ကန်တော်နဒီမှာနေခဲ့ရတဲ့  ၁၄ ရက်ကြာကာလမှာလည်း မြို့တော်ဝန်ကြီးက စားသောက်နေထိုင်ရေးကို လိုလေသေးမရှိ စီစဉ်ပေးတဲ့အတွက် အဲဒီအချိန်လေးကို မေ့နိုင်မှာမဟုတ်တော့ပါဘူး။

 

မအိအိရွှေ (လက်ထောက်ကထိက၊ သတ္တဗေဒဌာန- ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်)

 

ess

 

ကျွန်မက ဝူဟန်မြို့မှာ သတ္တဗေဒဘာသာရပ်နဲ့ PhD ဘွဲ့အတွက် သင်တန်းသွားတက်တာပါ။ ဝူဟန်မြို့မှာ ကျွန်မတို့ နေထိုင်ရတဲ့အချိန်မှာ တာဝန်ရှိသူတွေက ရောဂါမကူးစက်အောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ ကူညီထောက်ပံ့မှုတွေ ရှိခဲ့ပေမယ့် စိုရိမ်ပူပန်မှုတွေနဲ့ ကြောက်လန့်နေခဲ့ပြီး အခန်းထဲက မထွက်ဘဲ နေခဲ့ရတဲ့အတွက် စိတ်ကျဉ်းကြပ်မှုတွေ ဖြစ်မိပါတယ်။ အခု မြန်မာပြည်ကို ပြန်ရောက်လို့ ဒီကန်တော်နဒီဆေးရုံမှာ ၁၄ ရက်နေခဲ့ရတဲ့ အချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေသာမက စားသောက်နေထိုင်ရေးအတွက်ပါ လိုလေသေးမရှိအောင် ဂရုစိုက်စီစဉ်ပေးကြတဲ့အတွက် စိုရိမ်ပူပန်မှုမရှိပဲ အဆင်ပြေစွာ နေထိုင်ခဲ့ရပါတယ်။ ဒီကာလမှာ ကျန်းမာရေးစစ်ဆေးမှုတွေအနေနဲ့ ကျွန်မတို့ကို နံနက် နာရီမှာ တစ်ကြိမ်၊ ညနေ နာရီမှာ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် အဖျားတိုင်းပြီး အပူချိန်ကို စစ်ဆေးပေးပါတယ်။ အခုလို လိုအပ်ချက်အားလုံးကို ပြည့်စုံအောင် စီစဉ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးကြတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ ဒီနေ့မှာ ရောဂါကူးစက်မှုမရှိပဲ ကျန်းမာစွာနဲ့ အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိနဲ့ အရမ်းကို ပျော်ရွှင်နေပါတယ်။ မပြန်ခင် ဘုရားတွေ လိုက်ဖူးပြီး မြို့တော်ဝန်ကြီး စီစဉ်ပေးတဲ့ အဝေးပြေးကားနဲ့ပဲ ရန်ကုန်ကိုပြန်မှာပါ။

 

မောင်စည်သူထွန်း (ရန်ကုန်မြို့)

 

sth

 

အိမ်ပြန်ရမယ်ဆိုတဲ့အသိနဲ့ ဝမ်းသာနေပါတယ်။ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာကြတဲ့ ၅၉ ယောက်စလုံး ဖျားနာခြင်းမရှိဘဲ အိမ်ပြန်ရမှာဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်မိပါတယ်။ ဒီမှာနေထိုင်ရတဲ့အခြေအနေက အားလုံးအဆင်ပြေတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ဒီလိုမျိုး ကျွန်တော်တို့ကို ပြန်ခေါ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုမှုတွေ လုပ်တာက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံအနေအထားနဲ့ဆိုရင် အကောင်းဆုံးအခြေအနေတစ်ခုကို စီစဉ်ပေးထားတာ ဖြစ်တဲ့အတွက်  ကျေးဇူးအများကြီးတင်ပါတယ်။

 

ဒေါက်တာသန်းသန်းမြင့် (တိုင်းဦးစီးမှူး- မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)

 

dttm

 

ကလေးတွေကို ဒီမှာနေတဲ့ ကာလအတွင်း ဖျားနာမှုမရှိအောင် ကျန်းမာရေးပိုင်းဆိုင်ရာအတွက် စောင့်ရှောက်မှုပေးရသလို နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးရပါတယ်။ ဒီနေ့မှာ သတ်မှတ်ရက်ပြည့်သွားလို့ သူတို့ရဲ့ နေရပ်အသီးသီးကို ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီကလေးတွေက ရန်ကုန်က အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေးနဲ့ ကလေးမြို့နယ်တွေက ကျောင်းသားကျောင်းသူတွေ ပါဝင်ပါတယ်။ ဒီမှာ နေရထိုင်ရတာ အဆင်ပြေပြီး ကျန်းမာရေးကောင်းမွန်စွာနဲ့ ပြန်သွားတဲ့အပေါ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ရော၊ မန္တလေးတိုင်းအနေနဲ့ပါ တစ်သက်လုံး အမှတ်တရများစွာနဲ့ ဂုဏ်ယူစွာ ရှိနေမယ်ဆိုတာ ပြောချင်ပါတယ်။

 

ဦးစိုးမိုးနိုင် (ကထိက၊ ရုက္ခဗေဒဌာန၊ ရတနာပုံတက္ကသိုလ် မန္တလေးမြို့)

 

usmn

 

ဝူဟန်မှာနေခဲ့ရတဲ့ကာလမှာ မကြုံဖူးတဲ့ ရောဂါတစ်ခုအတွက် စိတ်လှုပ်ရှားပြီး စိုရိမ်မှုတွေရှိခဲ့တယ်။ ကျွန်တော်တို့ ကျောင်းက ဆရာတွေက အဆောင်အပြင်ဘက်ကို မထွက်ဖို့ ပြောပြီး ကျောင်းမှာပဲ စတိုးဆိုင်တွေ ဖွင့်ပေးသလို mask တွေလည်း ဝေပေးထားတယ်။ သံရုံက သံမှူးတွေကအစ အားလုံးကူညီပေးကြတဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် အားပေးရင်း ဘာသာတရားနဲ့ ကျော်ဖြတ်ခဲ့ကြတယ်။ မြန်မာပြည်ကို ပြန်ရောက်တော့လည်း စောင့်ကြပ်ကြည့်ရှုတဲ့ကာလမှာ ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လိုလေသေးမရှိအောင် စောင့်ရှောက်ပေးကြတဲ့အတွက် အဆင်ပြေစွာ နေထိုင်ခဲ့ရပါတယ်။ ဒီနေ့မှာသတ်မှတ်ကာလ လွန်မြောက်သွားလို့ ကိုယ့်မိဘဆီ ပြန်ရမယ်ဆိုတော့ တကယ်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်နေကြတာပေါ့။ စောင့်ရှောက်ကူညီမှုတွေအတွက် အားလုံးကို သတိတရနဲ့ ကျေးဇူးတင်နေမှာပါ။

 

ဒေါက်တာသန့်ဇင်မြတ် (အထွေထွေရောဂါကုသမားတော်၊ မန္တလေး ခုတင် ၃၀၀ ဆေးရုံ)

 

tzm

 

မြန်မာနိုင်ငံကနေ ဝူဟန်က ကျောင်းသားတွေကို သွားခေါ်တဲ့အချိန်က လိုက်ပါသွားတဲ့ ကျန်းမာရေးဝန်ထမ်းပါ။ သူတို့နဲ့ ထိတွေ့မှုရှိလို့ ကျောင်းသားတွေနဲ့အတူ ဒီကန်တော်နဒီဆေးရုံမှာပဲ ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုတွေ ခံယူခဲ့ပါတယ်။ ကျောင်းသားတွေကို ပြန်ခေါ်ဖို့ ဝူဟန်ကို မသွားခင် လေ့ကျင့်သင်ကြားမှုတွေ ရန်ကုန်မှာ လုပ်ခဲ့ရတယ်။ ကျောင်းသားတွေနဲ့ ထိတွေ့ရတော့မယ်ဆိုတဲ့အတွက် PPE ဝတ်စုံတွေ ဝတ်ဆင်ပုံနဲ့ mask တပ်ဆင်ပုံတွေ မျက်မှန်၊ လက်အိတ် အသုံးပြုနည်းတွေကို သင်ခဲ့ရတယ်။ အတတ်နိုင်ဆုံး ကျောင်းသားတွေနဲ့ အနီးကပ် ထိတွေ့မှုမရှိအောင် ကူညီနိုင်ဖို့လည်း မသွားခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ဒီလိုအခက်အခဲကနေ ပြန်ခေါ်ရတာ ဝမ်းသာရပါတယ်။ ကျောင်းသားတွေကလည်း ရောဂါဖြစ်တဲ့ ဒေသမှာနေရတော့ ကြောက်ကြမှာပေါ့။ သူတို့ကို ခေါ်ဆောင်ပေးခဲ့ရတဲ့ အခွင့်အရေး ရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)