ကျန်းမာရေးအတွက် နို့တစ်ခွက်

နို့ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။

နို့အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေ အတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတစ်ဝှမ်း သောက်သုံးတဲ့လူလည်း များပါတယ်။
နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာ တွေက ပေါမှပေါရယ်။

နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ်

ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွားနို့ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက ခန္ဓာကိုယ်က ထုတ်ပေးတဲ့ lactase ပမာဏနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ lactase ဆိုတာ နွားနို့မှာပါတဲ့ သကြားဓာတ် lactose ကိုဖြိုခွဲပေးတဲ့ အင်ဇိုင်းတစ်မျိုးပေါ့။

ကလေးငယ်တွေမှာဆို မိခင်နို့ကို ချေဖျက်နိုင်မယ့် lactase အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ လူကြီးတွေ အတွက်တော့ ဒီအင်ဇိုင်းကို ထုတ်တာနည်းလို့ ဒါမှမဟုတ် ထုတ်လုပ်မှုရပ်သွားလို့ နွားနို့ကိုစုပ်ယူနိုင်ဖို့ ပိုခက်သွားပါတယ်။ အာရှက အရွယ်ရောက်ပြီးသူတွေမှာ ၁၀ဝ ရာခိုင်နှုန်းနီးပါးက နို့သကြားဓာတ် ချေဖျက် မစုပ်ယူနိုင်ခြင်း (lactose tolerance) ပြဿနာရှိကြပါတယ်။

ဒါပေမယ့် ဒါကြောင့်ပဲ နွားနို့မသောက်ဘဲ နေဖို့တော့မလိုပါဘူး။ အစာမကြေတဲ့ လက္ခဏာတွေက တခြား အကြောင်းရင်းတွေ အများကြီးကြောင့်လည်း ဖြစ်နေနိုင်ပါသေးတယ်။ အများအားဖြင့်တော့ နွားနို့ ၃၅၀ မီလီဂရမ်လောက် နေ့တိုင်းသောက်တာတောင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။

ကိုယ့်ဗိုက်အတွက် အဆင်ပြေမယ့် နည်းကိုရွေးပါ

အာဟာရဓာတ်တွေ အများကြီးပါပေမယ့် နွားနို့က ကိုယ်နဲ့မတည့်တဲ့အခါ  သိလိုသမျှ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

•    နွားနို့က ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ အရင်းအမြစ်ဖြစ်တယ်လို့ လူသိများပါတယ်။ နွားနို့သောက်လို့ မရဘူးဆိုရင် ကယ်လ်စီယမ်ကိုပဲ၊ အစေ့အဆန်နဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေကနေ ရရှိနိုင်ပါတယ်။

•    ဒိန်ချဉ် သို့မဟုတ် ချိစ်တို့မှာ Lactose အရမ်းနည်းတဲ့ ထုတ်ကုန်တွေကိုရွေးပါ။ အချဉ်ဖောက်တဲ့ဖြစ်စဉ်က lactose ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

•    နွားနို့အပြင် ပြုပြင်ထားတဲ့အသား၊ အသင့်သောက်ကော်ဖီ၊ ကွေကာနဲ့ ဆေးဝါးတချို့မှာလည်း lactose ပါဝင်တတ်ပါတယ်။ ဒီထုတ်ကုန်တွေဝယ်မယ်ဆို သေချာရွေးချယ်ပါ။

•    နွားနို့မှာပါတဲ့ casein ကိုဓာတ်မတည့်တာနဲ့ lactose intolerance ကြောင့်ဖြစ်တဲ့ နေရခက်တဲ့လက္ခဏာတွေကို လေပွတဲ့လက္ခဏာတွေနဲ့ ခွဲခြားသိဖို့တော့လိုပါတယ်။

Casein ဆိုတာ ဓာတ်မတည့်တဲ့အခါ ခေါင်းမူးတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ်ရှိနိုင်တာအထိ ဖြစ်စေနိုင်တဲ့ နို့ပရိုတင်းတစ်မျိုးပါ။

တခြား နို့အရင်းအမြစ်များ

နွားနို့ကို ရွေးချယ်ကြတဲ့အကြောင်းရင်းက (အာဟာရပြည့်လို့၊ အရသာရှိလို့၊ အလွယ်တကူရနိုင်လို့) အများကြီးရှိကြပေမယ့် သူ့ကို မသောက်သင့်တဲ့ အကြောင်းရင်းတွေကလည်း (ဥပမာ -အစာချေဖျက်ခြင်းပြဿနာ) ရှိနေပါတယ်။

ဒီလိုအခြေအနေမှာဆို ပဲနို့ ၊ အုတ်ဂျုံနို့( Oat milk)၊ ဗာဒံနို့ (Almond milk) တို့လိုမျိုး lactose မပါတဲ့ အပင်ထွက်နို့တွေက နွားနို့မသောက်ရတဲ့သူ တွေအတွက် အဓိကရွေးချယ်စရာ လည်းဖြစ်ပါတယ်။

အာဟာရတန်ဖိုးချင်း နှိုင်းယှဉ်တဲ့အခါ ပဲနို့ဟာလည်း နွားနို့နဲ့ တူတူပဲ ပရိုတင်းကြွယ်ဝပါတယ်။ ကိုယ့်ရဲ့အာဟာရလိုအပ်ချက်ကိုမူတည်ပြီး ကိုယ်နှစ်သက်ရာ နို့ ထွက်ပစ္စည်းတွေကို (နွားနို့ကဖြစ်စေ၊ ပဲနို့ ဖြစ်စေ) တစ်လှည့်စီစားသုံး ဒါမှမဟုတ် ရောနှောစားသုံးလို့ရပါတယ်။

ရေးသားသူ Yun Sandi Nan Mon၊ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”