ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကန်ကြီးထောင့်   ၂  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် ပက်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ကျေးရွာများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊‌ ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မိချောင်းတစ်ရာကျေးရွာ၊ ဘဲဂရက်ကြီး‌၊ ကညင်ငူ၊ ရွာသစ်ကုန်း၊ ခုံဇင်ကုန်း၊ ကန်‌တော်နှင့် မဂူကျွန်းကျေးရွာ စသည့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များ၊ ရောဂါလက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် လက်ကိုဆပ်ပြာဖြင့် အကြာခဏ ဆေးကြောသန့်စင်ကြရန်၊ မိမိဒေသအတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်သတင်း‌ပေးပို့ကြရန်၊ ပြည်သူများအနေနဲ့ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန်တို့ကို သံချဲ့စက်များဖြင့် အသိပညာပေး‌ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

နန်းထိုက်(ပြန်/ဆက်)