ကင်းထောက်နှလုံးသားပိုင်ရှင်တွေ ကျွန်တော်တို့တိုင်းပြည်မှာ များများမွေးထုတ်ပေးနိုင်လေ နိုင်ငံအနာဂတ်ကို တာဝန်ယူ ပုံဖော်သွန်းလောင်းပေးကြမယ့် ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက်လာနိုင်မယ် (အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ၌ ပြောကြားသည့်မိန့်ခွန်းတွင် ပါဝင်သော လွန်ခဲ့သည့် အနှစ် (၆၀) ကျော်က ကင်းထောက်ကြီးတစ်ဦး ရေးသားစပ်ဆိုသည့် ကင်းထောက် ဂုဏ်ပြုတေးသီချင်းစာသားကို ‘မြင့်မြတ်နှလုံးသားပိုင်ရှင်များ’ အမည်ဖြင့် သံစဉ်ရေးသားစပ်ဆိုပေးသော ကင်းထောက်ကြီး အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ၏ တေးသီချင်းအပေါ် ခံစားရေးဖွဲ့မှုအမြင်နှင့် တေးသီချင်းသီဆိုမှုကို ကြီးကြပ်ဆောင်ရွက်ပေးသော မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့မှ ကင်းထောက်အမျိုးသမီးကြီး ဒေါ်မြင့်ကြည်တို့၏ သဘောထားအမြင်များကို ဖော်ပြအပ်ပါသည်။

အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေ

ကင်းထောက်ကြီး

ကင်းထောက်ဆိုတာ အများအကျိုးသယ်ပိုးဆောင်ရွက်ဖို့ အစဉ်အသင့်ရှိနေတဲ့သူတွေ၊ အမျိုးဘာသာ မရွေး ဆင်းရဲ ချမ်းသာမရွေး၊ တန်းတူထားတဲ့စိတ်၊ ချစ်ချစ်ခင်ခင် ရောရော နှောနှော ပေါင်းသင်းနေထိုင်လိုတဲ့ စိတ်ရှိတဲ့သူတွေ စုစည်းထားတဲ့ အဖွဲ့ကြီးလို့ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ငယ်ငယ်ကတည်းက ကျောင်းသားဘဝမှာ ကင်းထောက်အဝင်ဖြစ်ပြီး (၁၈) နှစ်ပြည့်တော့ ရိုဗာကင်းထောက် ဖြစ်ခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ကင်းထောက်အဖွဲ့ကြီး ရပ်ဆိုင်းသွားတယ်၊ သိပ်နှမြောဖို့ ကောင်းတယ်။ နှစ်ပေါင်း ၅၀ နီးနီးကြာတော့မှ ၂၀၁၃ ခုနှစ် မှာ ပြန်လည်ပေါ်လာရတယ်။

တိုင်းပြည်အတွက်တန်ဖိုးကြီးတဲ့ မျိုးဆက်သစ်ကင်းထောက်တွေ ထွက်ပေါ်ခွင့် မရဘူးဖြစ်သွားတယ်။ ကင်းထောက်ကျင့်ဝတ် (၁၀) ပါးမှာ “ ကင်းထောက်၏ ဂုဏ်သိက္ခာသည် ယုံကြည်စိတ်ချရသည်” ဆိုတာပါတယ်။ ကင်းထောက်သည် ဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲဘူး။ အခက်အခဲအပေါင်းကိုလည်း သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိတဲ့သူတွေ၊ သူတစ်ပါးကို အချိန်မရွေး ကူညီမယ့်သူတွေ။ ဒီလိုမြင့်မြတ်တဲ့ စိတ်ဓာတ်ရှိတဲ့သူတွေ တိုင်းပြည်မှာ အများကြီးလိုအပ်ပါတယ်။ အခုဆိုရင် ကင်းထောက်ရဲ့ လှုပ်ရှားမှုတွေ တွေ့လာရပြီမို့ ဝမ်းသာကြည်နူးမှုများစွာ ဖြစ်ရပါတယ်။ အချိန်တိုအတွင်းမှာ တက်ကြွလှုပ်ရှားမှုတွေ အားကောင်းခဲ့တာကြောင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ အဖြစ် အဖွဲ့ဝင်နိုင်ငံ ၁၆၀ က ကန့်ကွက်မှုမရှိ အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ကြီးရဲ့ အောင်ပွဲဖြစ်သလို တိုင်းပြည်ရဲ့ ပုံရိပ်ကောင်းတစ်ခုကို ရယူလိုက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ ကင်းထောက်လုပ်ငန်းသည် စစ်သဘောမပါ နိုင်ငံရေးမစွက် လူမှုဝန်ထမ်း သက်သက်များကိုသာ ဆောင်ရွက်ဖို့ဖြစ်တဲ့အပြင် လူငယ်တွေရဲ့ အကျင့်စာရိတ္တပြုပြင်ခြင်း၊ သစ္စာရှိမှု၊ မျိုးချစ်စိတ်ရှိမှု၊ စွမ်းရည်သတ္တိရှိမှု၊ သူတစ်ပါးအတွက် ကူညီဆောင်ရွက်တတ်မှု စတဲ့ရည်ရွယ်ချက်တွေကြောင့် ကင်းထောက်နှလုံးသားပိုင်ရှင်တွေ ကျွန်တော်တို့တိုင်းပြည်မှာ များများမွေးထုတ်ပေးနိုင်လေ နိုင်ငံအနာဂတ်ကို တာဝန်ယူ ပုံဖော်သွန်းလောင်းပေးကြမယ့် ခေါင်းဆောင်ကောင်းတွေ များများပေါ်ထွက်လာနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်မိပါတယ်။

ဇူလိုင် ၂၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲအဖြစ် ကတိခံယူခဲ့ပါတယ်။ အဲဒီကတိခံယူပွဲ မိန့်ခွန်းပြောရာမှာ ငယ်စဉ်ကသီဆိုခဲ့ကြတဲ့ ‘ကင်းထောက်များတို့ ညီညာစွာ’ အစချီတဲ့ သီချင်းစာသားလေးကို မှတ်မှတ်ရရ ရွတ်ပြသွားပါတယ်။ ခေတ်ဟောင်း ကင်းထောက် သီချင်းတစ်ပုဒ်လို့ ဆိုရမှာပါ။ ဒီစာသားကို ကင်းထောက်သီချင်းတစ်ပုဒ်အဖြစ် သံစဉ်မှာ အသံသွင်းဖို့ ကင်းထောက်အဖွဲံချုပ်က တာဝန်ပေးခဲ့တာကြောင့် ကျွန်တော် တတ်ကျွမ်းတဲ့ တေးဂီတပညာနဲ့ အဲဒီစာသားလေးကို ‘မြင့်မြတ် နှလုံးသားပိုင်ရှင်များ’ အမည်နဲ့ ကင်းထောက်ဂုဏ်ပြုတေး တစ်ပုဒ်အဖြစ် ပံ့ပိုးကူညီခြင်းဖြင့် ကင်းထောက်အဖွဲ့ချုပ်ကြီးကို ကျေးဇူးဆပ်တာပါ။

ဒေါ်မြင့်ကြည်

အမျိုးသမီးကင်းထောက်ကြီး

ကျွန်မက ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း)ဖ စြ်ပြီး မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ဒီနေ့ ‘မြင့်မြတ်နှလုံးသားပိုင်ရှင်များ’ သီချင်းကို အခြေခံပညာကျောင်း ငါးကျောင်းက ကင်းထောက်အမျိုး သမီးငယ် (Blue Bird) ၂၀ နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူပွဲ အခမ်းအနားမှာ ဆိုပြသွားတဲ့ ကင်းထောက်သီချင်းပဲ ဖြစ်ပါတယ်။ အမေစုတို့ ငယ်ငယ်တုန်းက ကင်းထောက်အမျိုး သမီးဖြစ်စဉ် ဆိုခဲ့တဲ့သီချင်းလို့ ပြောပါတယ်။ ဒီသီချင်းက သိပ်ကောင်းပါတယ်။ ကင်းထောက်တွေ ကတိ (၃) ပါးကိုတည်ကြောင်း စေတနာအပြည့်အဝနဲ့ သူတစ်ပါးကို ကူညီတယ်။ ကျင့်ဝတ် (၁၀) ပါးကို လိုက်နာကြောင်း စံနှုန်းစံထား ကိုက်ညီရမှာဖြစ်ကြောင်း အားလုံးပါပါတယ်။ ဒီကင်းထောက် ဂုဏ်ပြုသီချင်းကို သီဆိုရမှာက ကင်းထောက်အမျိုးသမီးတွေပါ။ ဒီကနေ လွှင့်ထုတ်လိုက်ပြီးရင် ကျန်တဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ကင်းထောက်အမျိုးသမီးတွေဆီကို ဖြန့်ဝေပေးလိုက်မှာပါ။ ပြည်နယ်/ တိုင်းဒေသကြီးအချို့မှာ ကင်းထောက်အမျိုးသမီးငယ် (Blue Bird) သင်တန်းဖွင့်ထားကာ ငယ်စဉ်ကစတင်ကာ နိုင်ငံအကျိုးပြုမယ့် ကင်းထောက်လေးတွေဖြစ်ဖို့ လေ့ကျင့် သင်ကြားပေးတာ ဖြစ်ပါတယ်။

သတင်းအဖွဲ့

 

“မြင့်မြတ်နှလုံးသားပိုင်ရှင်များ”

ရေး - ကင်းထောက်ကြီးတစ်ဦး

တေးသံစဉ် - အလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွ

တေးဂီတ - ဂီတမှူး စန္ဒရားမောင်လှအေးနှင့်အဖွဲ့

ဆို -မြန်မာကင်းထောက် အမျိုးသမီးငယ်လေးများ

(ကင်းထောက်များတို့ ညီညာစွာ

ကတိသုံးပါးထားလို့သာ

ပြုဖွယ်ကိစ္စများတို့မှာ

သမာဓိ တည်ကြည်စွာ)၂

လူတိုင်းချစ်- ချစ်ကြည်စွာ

ယဉ်ကျေးသိမ့်မွေ့စေတနာ

တိုင်းပြည်အကျိုးထမ်းဆောင်မှာ

ကင်းထောက် တို့ဝန်တာ

ဘာသာရေးမှာ လေးစားတာ

စေတနာထားကာ အများကို ကူညီမှာ . . . . .

ကျင့်ဝတ်ဆယ်ပါး လေးစားလိုက်နာ တို့ကင်းထောက်တွေပါ-

ကင်းထောက်စံနှုန်း စံထားတွေ ပြည့်ဝစေဖို့ရာ

ကျင့်ဝတ်ဆယ်ပါး လေးစားလိုက်နာ

တို့ကင်းထောက်တွေပါ

အားသစ်တွေလောင်း စုပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်မှာ

နေရာမရွေး ကူညီပေးမည်

ကတိတည်ပါသည် . . . . .

မြင့်မြတ်နှလုံးသားပိုင်ရှင်များ

စေတနာထားကာ အများကို ကူညီမှာ . . . .