ကန့်ဘလူ၌ လျှပ်စစ်ရေတင်လုပ်ငန်း ရေမြောင်းဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေများအတွက် လျော်ကြေးငွေပေးအပ်

ကန့်ဘလူ  ၁၀  စက်တင်ဘာ


ကန့်ဘလူမြို့နယ်၌ လျှပ်စစ်ရေတင်လုပ်ငန်း ရေမြောင်းဖောက်လုပ်ရာတွင် ပါဝင်သွားသော မြေများအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လျှပ်စစ်ရေတင်လုပ်ငန်း ရေမြောင်းဖောက်လုပ်ရာတွင် ပါဝင်သွားသော ရေကြည်ကျေးရွာရှိ တောင်သူ ၁၀ ဦး ပိုင်ဆိုင်သော လယ်ယာမြေများအတွက် လျော်ကြေးငွေ လယ်တစ်ဧကလျှင် ငွေကျပ် ၃၅ သိန်းနှုန်းဖြင့် လယ် ၂ ဒသမ ၅၃ ဧကအတွက် ငွေကျပ် ၈၈ ဒသမ ၅၅ သိန်းကို လည်းကောင်း၊ ယာတစ်ဧကလျှင် ငွေကျပ် ၂၀ ဒသမ ၈ သိန်းနှုန်းဖြင့် ယာ သုည ဒသမ ၅၅ ဧကအတွက် ငွေကျပ် ၁၁ ဒသမ ၄၅ သိန်းကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်အောင်လေးက အမှာစကား ပြောကြားပြီး ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်ဗိုလ်သိန်းက မြေယာလျော်ကြေး ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ကတ-၇၉ လျှပ်စစ်ရေတင်လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကင်းတပ် လက်ဝဲတူးမြောင်းမကြီးပေါ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ လယ်ယာမြေ ဧက ၂၅၀ ကို ရေပေးဝေလျက်ရှိကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)