ကွမ်းခြံကုန်းမြို့နယ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ ရေပြင်သို့သယ်ဆောင်မည့် ငွေကျပ် ၇၉ ဒသမ ၉၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော် ၁၃ ဩဂုတ်

 

 

ကွမ်းခြံကုန်းမြို့နယ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိ ရေပြင်သို့သယ်ဆောင်မည့် ငွေကျပ် ၇၉ ဒသမ ၉၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၁ ရက် ည ၁၀ နာရီခွဲက ပြည်သူလူထုနှင့်ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ၊ တံငါလှေဆိပ်အနီးတွင် မသင်္ကာဖွယ်ရပ်တန့်ထားသော NISSAN CARAVAN အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ရဲဝေလင်း(ခ)အငယ်လေးအား တွေ့ရှိပြီး ယာဉ်နောက်ခန်းမှ အိုက်စ် ၉၉၉ ဒသမ ၈ ကီလို၊ Speed Boat တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းစစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့မှ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာမှတစ်ဆင့် ရေလမ်းကြောင်းဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြားရှိရေပြင်သို့ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် လင်းလင်းထိုက်(ခ)လင်းငယ်အား ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိဟိုတယ်၌ လည်းကောင်း၊ စိုင်းထွန်းလှိုင်အား ဩဂုတ် ၃ ရက် ညနေ ၅ နာရီခွဲတွင် ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ ရာဒိုစစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ကျော်ဦး(ခ)တရုတ်အား ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီခွဲတွင် တောင်ကြီးမြို့၊ မီးပုံးပျံကွင်းအနီးတွင် လည်းကောင်း၊ မမိုးသူဇာ (ခ) မိုးမိုးသူ (ခ) မိုးမိုးနှင့် မမိုးသုကဗျာတို့အား ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဟိုပုံးမြို့၌လည်းကောင်း၊ သိန်းရာဇာ(ခ)သိန်းကြီးနှင့် ချစ်ပိုပို(ခ)ချစ်ပိုတို့အား  ဩဂုတ် ၉ ရက် နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ဂုံညှင်းနီ ကျူးကျော်ရပ်ကွက်၊ ခတ္တာလမ်းနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

 

 

ရဲဝေလင်း(ခ)အငယ်လေး (၂၇)နှစ်၊ လင်းလင်းထိုက် (ခ) လင်းငယ် (၃၂)နှစ်၊ စိုင်းထွန်းလှိုင် (၃၄)နှစ်၊ ကျော်ဦး(ခ)တရုတ် (၄၈)နှစ်၊ မိုးသူဇာ (ခ) မိုးမိုးသူ (ခ) မိုးမိုး (၄၉)နှစ်၊ မိုးသုကဗျာ (၂၂)နှစ်၊ သိန်းရာဇာ (ခ) သိန်းကြီး (၃၀)နှစ်၊ ချစ်ပိုပို(ခ)ချစ်ပို (၂၂)နှစ်တို့အား Speed Boat တစ်စီး၊ မော်တော်ယာဉ် ၉ စီး၊ နေအိမ် ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ယာယီချိတ်ပိတ်သိမ်းဆည်း၍ ကွင်းဆက်တရားခံများ ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့အရ အရေးယူနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ရဲပြန်ကြား