ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၉၀ ကျော်ရှိလာ

ဂျီနီဗာ၊ ၁၃ ဇန်နဝါရီ

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၀၀၅၄၈၁၃ ဦး ရှိလာပြီး ယင်းတို့အနက် ၁၉၄၅၆၁၀ ခန့်သည် ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

လက်ရှိအချိန်အထိ နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၂၄၂၈၅၉၁ ဦးရှိပြီး ၎င်းတို့အနက် ၃၇၃၃၂၁ ခန့်သည် ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

 

ထို့အတူ အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၄၉၅၁၄၇ ဦးနှင့် ရောဂါကြောင့်သေဆုံးသူ ၁၅၁၅၂၉ ဦးနှင့် ဘရာဇီးတွင် ရောဂါကူးစက်ခံရသူ ၈၁၃၁၆၁၂ ဦးနှင့် သေဆုံးသူ ၂၀၃၅၈၀ စသည်ဖြင့် အသီးသီးရှိကြသည်။

 

ထို့အပြင် ရုရှားတွင် ရောဂါ ကူးစက်ခံရသူ ၃၄၄၈၂၀၃ ဦး၊ ဗြိတိန်တွင် ၃၁၁၈၅၂၂ ဦး၊ ပြင်သစ်တွင် ၂၇၄၀၆၅၆ ဦး၊ အီတလီတွင် ၂၂၈၉၀၂၁ ဦးနှင့် စပိန်တွင် ၂၁၁၁၇၈၂ ဦး စသည်ဖြင့် အသီးသီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။

 

ကမ္ဘာကြီးက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ရုန်းကန်လှုပ်ရှားနေစဉ် နိုင်ငံတချို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြုလာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြသည်။

 

လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂၃၆ မျိုး ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် ၆၃ မျိုးကို ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အသုံးပြုရန်စမ်းသပ်လျက်ရှိကြောင်း ဇန်နဝါရီ ၁၂ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ