ကမ္ဘာ့ငါးများ ရွှေ့ပြောင်းသွားလာသောနေ့ (2020 World Fish Migration Day) အထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၄ အောက်တိုဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝသစ်ပင်ပန်းမန်များ ထိန်းသိမ်းရေးအဖွဲ့ (Fauna and Flora International – FFI) တို့၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့ငါးများ ရွှေ့ပြောင်းသွားလာသောနေ့ (2020 World Fish Migration Day) အထိမ်းအမှတ်နေ့အခမ်းအနားနှင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်က Zoon webiner စနစ်ဖြင့် ကျင်းပသည်။ 

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် World Fish Migration Foundation Founder ဖြစ်သူ Mr. Herman Wanningen တို့မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ငါးများ ရွှေ့ပြောင်းသွားလာသောနေ့ အထိမ်းအမှတ် အခမ်းအနားသည် မြန်မာ့ငါးများ စဉ်ဆက်မပြတ် ပေါများစေရေး၊ မြန်မာ့ ကျေးလက်ဒေသနေ ပြည်သူတို့ရဲ့ အခြေခံလိုအပ်တဲ့ အသားဓာတ်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်ဒေသနေ ပြည်သူတို့ရဲ့ အပိုဝင်ငွေရစေတဲ့ သဘာဝသယံဇာတ စဉ်ဆက်မပြတ်ပေါများစေရေး၊ ရေချိုငါးလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို လုပ်သားပြည်သူတို့ ဂရုပြုမိစေရေး အထောက်အပံ့ကောင်းပေးနိုင်ရန် ရည်ရွယ်ပြီး World Fish, World Wide Fund - WWF နှင့် Fauna and Flora International - FFI စသည့် မိတ်ဖက်အဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးရှိ ငါးများ၏ ရွှေ့ပြောင်းသွားလာသောနေ့ကို သတိပြုမိကြပြီး လူသားတို့အနေဖြင့် လွတ်လပ်စွာ စီးဆင်းနေသော မြစ်ကြီးများ၊ ရွှေ့ပြောင်းသွားလာနေသော ငါးများ၏ တန်ဖိုးနှင့်အရေးပါပုံကို သိရှိစေလိုသောကြောင့် ဒီနှစ်အတွက်ဆောင်ပုဒ်ဖြစ်တဲ့ “CONNECTING FISH, RIVERS AND PEOPLE” “ငါးများ၊ မြစ်ကြီးများနှင့် လူသားတို့ ချိတ်ဆက်လျက်ရှိခြင်း” ဟု ဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း၊ ရွှေ့ပြောင်းသွားလာနေသော ငါးများသည် ကမ္ဘာအနှံ့ အမျိုးမျိုးသော အခက်ခဲများစွာဖြင့် ရင်ဆိုင်ရင်း ရှင်သန်ရပ်တည် နေကြရကြောင်း၊ အဓိကအကြောင်းအရင်းမှာ သဘာဝမြစ်ရေစီးဆင်းမှုများသည် လူတို့ပယောဂကြောင့် ပြောင်းလဲရပ်တန့်မှုများစွာ ဖြစ်ပေါ်ခြင်းဖြင့် ရွှေ့ပြောင်းသွားလာသော ငါးများတွင် အတားအဆီးအမျိုးမျိုး ဖြစ်ပေါ်နေရကြောင်း၊ ၎င်းတို့၏ ဘဝစက်ဝန်း၊ အစာရှာဖွေစားသောက်မှု၊ မျိုးပွား/ရှင်သန်ကြီးထွားမှုတို့သည် သဘာဝအခြေအနေပေါ်တွင် မူတည်နေကြောင်း၊ အချို့သော ရွှေ့ပြောင်းငါးမျိုးများဖြစ်သည့် ဥပမာ-ငါးသလောက်နှင့် ငါးလင်ဗန်းကဲ့သို့သော ငါးများသည် ရေငန်တွင် ဥချသားပေါက်၍ ရေချိုမြစ်ကြီးများသို့ ဆန်တက်ပြောင်းရွှေ့ ကျက်စားတတ်ကြပြီး ၎င်းတို့၏ ဥချသားပေါက်ချိန် ရောက်ပါက ၎င်းတို့ပေါက်ပွား သားပေါက်ရာ ပင်လယ်ပြင်သို့ ခရီးရှည်သွား တတ်ကြသည့် ငါးများရွှေ့ပြောင်းသွားလာ ကျက်စားမှုဆိုင်ရာ ဗဟုသုတရှိရန်မှာလည်း အထူးအရေးကြီးပါကြောင်း၊  မြန်မာ့မြစ်ကြီးများသည် ကမ္ဘာပေါ်တွင် ငါးသယံဇာတ ပေါကြွယ်ဝသော ရေချိုငါးအရင်းအမြစ်များထဲတွင် ပါဝင်သဖြင့် ဤမြစ်ကြီးများ ဆက်လက်ရှင်သန်ရေး၊ လွတ်လပ်စွာ စီးဆင်းနေစေရေးသည် ရွှေ့ပြောင်းသွားလာသော ငါးများနှင့် လူသားများအတွက် လွန်စွာအရေးကြီးပါသောကြောင့် တန်ဖိုးရှိသည့် အခမ်းအနားဖြစ်ပြီး ထိရောက်သော ဆွေးနွေးအကြံပြုချက်များစွာရရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ပြည်နယ်/တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိပုဂ္ဂိုလ်များ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ World Fish, World Wide Fund- WWF ၊ Fauna and Flora International - FFI စသည့် ဖိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ငါးတက်ငါးဆင်းလမ်းကြောင်း စီမံကိန်း (Fish passage project) ဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ယင်းနောက် FFI မှ စီမံကိန်းမန်နေဂျာ ဦးဇော်လွန်းနှင့် Charles Sturt တက္ကသိုလ်မှ Mr. John Canallin တို့မှ သုတေသနစာတမ်းများ ဖတ်ကြားခဲ့ကြပြီး တာဝန်ရှိသူများမှ ရွှေ့ပြောင်းသွားလာသော ငါးများရင်ဆိုင်နေရသည့် အခက်အခဲ၊ အတားအဆီးများအား လက်ရှိတွင် ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးပွဲစကားဝိုင်းပြုလုပ်၍ ဆွေးနွေးညှိနှိုင်းအကြံပြုမှုများ ဆောင်ရွက်ကြခဲ့ကြကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။

MDN