ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၁၀ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၈ အောက်တိုဘာ

 

ကမ္ဘာနှစ်ထပ် ရုပ်ရှင်ကို အောက်တိုဘာ ၁၀ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည် ဖြစ်ကြောင်း  ယမန်နေ့ညက ရန်ကုန်မြို့ Junction City , JCGV၌ ပြသသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။

 

ယင်းဇာတ်ကားတွင် ဇာတ်ညွှန်း အကြည်တော်၊ ဒါရိုက်တာ အာကာ၊ သရုပ်ဆောင် နိုင်းနိုင်း၊ မေကဗျာ၊ မေမြင့်မိုရ်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့် နှင့် အနုပညာရှင်များ သရုပ်ဆောင်ထားပြီး၊ Golden Hour entertainment က ထုတ်လုပ်ထားသည်။

 

“ဒီမှာက ကလေးတွေကို အဓိက ဇာတ်ကောင်ထားပြီး ရိုက်တဲ့ကားသိပ် မရှိသေးဘူး၊ ကိုယ်ကအပြင်မှာလည်း ကလေး လေးယောက်ရှိတော့ သူတို့နဲ့ အတူဆော့နေကျ၊ စားနေကျဆိုတော့ သရုပ်ဆောင်ရတာ အဆင်ပြေတယ်၊ အဖေနဲ့ သမီးနဲ့ ၅၂၈ မေတ္တာ၊ ပြဿနာလေးတွေ၊ သံယောဇဉ်လေးတွေကို ပြတာ၊ အဓိကကတော့ ပျော်ရွှင်စရာလေးတွေကို မျှဝေတဲ့ သဘောပါ၊ ကျွန်တော်တို့နိုင်ငံမှာ ကလေးတွေအတွက် ဖန်တီးတဲ့ Entertainment က မရှိသလောက် ရှားပါးသွားပြီ၊ အခု ရိုက်နေတဲ့ကားတွေ အတော်များများက ကလေးတွေ အတွက် မဟုတ်ဘူး၊ ကလေးတွေအတွက် Entertainment က အများကြီး လိုအပ်ပါတယ်၊ ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေမှာ ဒါတွေကို ထည့်သွင်း စဉ်းစားစေချင်ပါတယ်၊ နိုင်ငံတကာမှာ ကလေးစာပေ၊ ကလေးရုပ်ရှင် အများကြီးရှိတယ်၊ ကျွန်တော်တို့လည်း နောက်ဆို ကလေးရုပ်ရှင်လေးတွေ ရိုက်ဖို့ရှိပါ တယ်၊ ကလေးတွေအတွက် သီးသန့်ကားကောင်းတွေ ထွက်သင့်ပါတယ်” ဟု သရုပ်ဆောင် နိုင်းနိုင်း က ပြောသည်။

 

“ဒီကားထဲမှာ အခန်းအများကြီးတော့မပါဘူး၊ မိသားစုဇာတ် ကားလေးလည်း ဖြစ်တယ်၊ ကဗျာတို့က အသက်အရွယ်အရပါ မိသားစုဘဝကိုရထားတဲ့သူ ဖြစ်လို့ ဒီကားမျိုးကို ကြိုက်တယ်၊ ကဗျာတို့ ကိုယ်ကိုယ်တိုင် မိသားစုမှာ သတိထားရမယ့် အချက်တွေကို သိလာရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာတို့ကိုယ်တိုင်က အလုပ်ကို ဦးစားပေးတဲ့ မိသားစုတွေမှာ မိသားစုအတွက်ဆို ဒုတိယဖြစ်နေတာ၊ တကယ်ကျတော့ ကလေးတွေမှာလည်း ခံစားမှုရှိတယ်၊ မိသားစုဆိုတာ အချိန်ပေးရတယ် ဆိုတဲ့ မက်ဆေ့ပေးချင်ပါတယ်” ဟု သရုပ်ဆောင် မေကဗျာက ပြောသည်။ 

 

1

 

ဤဇာတ်ကား၏ theme မှာ “အဖေ့ ကမ္ဘာမှာရော၊ အမေ့ရဲ့ကမ္ဘာမှာရော သား သမီးလေးတွေက အရေး အကြီးဆုံးပါ၊ သားသမီးတွေရဲ့ ဘဝကို အဖေဆိုတဲ့ ကမ္ဘာနဲ့ အမေဆိုတဲ့ကမ္ဘာ နှစ်ထပ်စလုံးက အမြဲတမ်း ကာကွယ်စောင့်ရှောက်နေပါတယ်” ဖြစ်သည်။

 

သန့်ဇင်ဝင်း

 

 

1