ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်

နေပြည်တော် ၁၁ ဒီဇင်ဘာ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Yadana Thiha Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အိန္ဒိယနိုင်ငံသားဧည့်သည် (၂)ဦး၊ မလေးရှားနိုင်ငံသားဧည့်သည် (၆)ဦး စုစုပေါင်းဧည့်သည် (၈)ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ မြဝတီ-ပဲခူး-မုံရွာ-ကလေး-တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက်ရှိသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဟိုတယ်/ခရီးသွား