ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် အီဘိုလာရောဂါကာကွယ်ဆေး လိုအပ်သလောက်ရရှိနိုင်ဟုဆို

ကုလသမဂ္ဂ ၁၈ နိုဝင်ဘာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို)က ၎င်းအဖွဲ့ထံ တွင် အီဘိုလာရောဂါကာကွယ်ထိုးဆေးများ လိုအပ် သလောက်ပေးနိုင်သည့်ပမာဏရှိနေပြီဟု ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် တီထွင်ထုတ်လုပ်နိုင်ခဲ့

ယင်းမှာ လူ့အသက်သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်သည့် အီဘိုလာဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးအတွက် အသုံးပြုနိုင် သည့် ထိုးဆေးကို ပထမဆုံးအကြိမ် တီထွင်ထုတ်လုပ်နိုင်ခဲ့ ခြင်းဖြစ်ပြီး အီဘိုလာရောဂါဖြစ်ပွားမှု အစိုးရိမ်ရဆုံးနိုင်ငံများအတွက် ယင်းရောဂါကာကွယ်ရေး ထိုးဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပေးအပ်နိုင်တော့မည်ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးနည်းပါးသည့် အီဘိုလာရောဂါ ကာကွယ်ထိုးဆေးကို အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုက ယင်းရောဂါကူးစက်ခံရသူဦးရေ ၁၆၀၀ ခန့်ဖြင့် စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

အဆိုပါထိုးဆေးသည် ကျန်းမာရေးကို ထိခိုက်မှုမဖြစ်စေဘဲ အီဘိုလာဗိုင်းရပ်စ်ပိုးအန္တရာယ်ကို ကာကွယ်နိုင် ကြောင်း စမ်းသပ်မှုက သက်သေပြခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

စံသတ်မှတ်ချက်များနှင့် ပြည့်မီ

ယခုသီတင်းပတ်အစောပိုင်းက အီဘိုလာရောဂါ ကာကွယ်ထိုးဆေးကို ဥရောပသမဂ္ဂ၏ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အတည်ပြုခံရပြီးနောက် အဆိုပါထိုးဆေးသည် ဘေးကင်းစိတ်ချရခြင်းအတွက် လိုအပ်သော စံသတ်မှတ် ချက်များနှင့် ပြည့်မီကြောင်း ဒဗလျူအိတ်ချ်အိုက ကြေညာခဲ့သည်။

အီဘိုလာရောဂါသည် ယင်းရောဂါပိုး ကူးစက်ခံရသူ၏ သွေး(သို့မဟုတ်)ခန္ဓာကိုယ်မှထွက်သည့် အခြားအရည်များမှ တစ်ဆင့် ကူးစက်နိုင်သည်။ ယင်းရောဂါကူးစက်မှုဖြစ်ပွားနေသည့် ဝေဒနာရှင်များ၏ ၂၅ ရာခိုင်နှုန်းကျော်မှာ သေဆုံးမှု ဖြစ်စေနိုင်သည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အီဘိုလာရောဂါကူးစက်ပြန့်ပွားခဲ့ရာ သေဆုံးသူပေါင်း ၂၀၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယင်းဗဟိုအာဖရိကဒေသမှ နိုင်ငံအား ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေသတ်မှတ် ကြေညာခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ၊ ဘာသာပြန်- ဇော်ဝင်း