ကမ္ဘာ့စီးပွားရေးကပ်နဲ့ မြန်မာ့စီးပွားရေးစိန်ခေါ်မှုများ

mdn

သတင်းဆောင်းပါး - ရဲမြင့်ကျော်

 

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုဟာ လူသားသမိုင်းမှာ အကြီးမားဆုံးကြုံတွေ့ရတဲ့အကျပ်အတည်းတစ်ခုလို့ နိုင်ငံတကာပညာရှင်တွေက တညီတညွတ်တည်း ပြောလာပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒုတိယကမ္ဘာစစ်ပြီးနောက် အကြီးမားဆုံးအကျပ်အတည်းလို့ပြောပြီး တစ်ကမ္ဘာလုံးရှိ လက်နက်ကိုင်အဖွဲ့များ အပစ်ရပ်စဲထားဖို့ ကြေညာချက်ထုတ်ပါတယ်။ ကိုဗစ်ဟာလက်ရှိ မျိုးဆက်တွေအတွက် အကြီးမားဆုံး အကျပ်အတည်း ဖြစ်သလို ရှေ့လာမယ့် ရက်သတ္တပတ်တွေအတွင်း အစိုးရတွေရဲ့ ကိုင်တွယ်မှုက ကမ္ဘာကြီးအတွက် အရေးကြီးနေပါတယ်။ ဒီဆောင်ရွက်မှုတွေက နောင် လာမယ့် နှစ်တွေမှာပါ ပုံပေါ်နေမှာဖြစ်ပြီး ကျန်းမာရေးစနစ်တွေမှာသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအားလုံးမှာ ထင်ဟပ်နေမယ်လို့ သုံးသပ်ကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်က တစ်နေ့ထက်တစ်နေ့ ဆတိုးမြှောက်ကိန်းနဲ့ သွားနေ တဲ့အခါ နိုင်ငံတွေအနေနဲ့ ဆုံးဖြတ်ချက်အမြန်ချဖို့နဲ့ အားချင်းဆောင်ရွက်ဖို့ အရေးကြီးလာပါတယ်။ လက်ငင်းရင်ဆိုင်နေရတဲ့အန္တရာယ်ကို ကျော်လွှားဖို့နဲ့ ရှေ့မှာ ကြုံ တွေ့သက်ရောက်လာဦးမယ့် မုန်တိုင်းတွေကိုပါ ဖြေရှင်းဖို့ နည်းလမ်းတွေကို ထိုးထွင်းစဉ်းစားရမယ့်အချိန်လည်း ဖြစ်ပါတယ်။ အခုအခါ ကမ္ဘာအရပ်ရပ် တောမီးလောင်သလို တောပြိုလဲသလို တုန်ခါရမ်းနေတယ်။ ကမ္ဘာ့နိုင်ငံပေါင်း သုံးပုံတစ်ပုံနီးပါးမှာ သွားလာမှုအားလုံးကန့်သတ် မြို့ပိတ် ခြေချုပ်တွေ လုပ်ထားတယ်။ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာလုံးဆိုင်ရာညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းနဲ့ နည်းပညာ ဖလှယ်မှု၊ နိုင်ငံအလိုက် အစိုးရနဲ့ ပြည်သူ လက်တွဲဆောင်ရွက်နိုင်မှု၊ စည်းကမ်းလိုက်နာမှု၊ လူ့အသိုင်းအဝိုင်း အပေါ် အလေးထားမှုတွေရှိဖို့ တောင်းဆိုနေပါတယ်။

 

ဖွံ့ဖြိုးပြီးတို့ရဲ့ ကပ်

 

ဗိုင်းရပ်စ်နတ်ဆိုးကသယ်လာတဲ့ပထမတစ်ခုက ကျန်းမာရေးစောင့်ရှောက် မှု ပြဿနာ။ နောက်တစ်ဆင့်ကတော့ ကမ္ဘာ့စီးပွားရေး လေသင်တုန်း ဖြတ်ခံ ရခြင်းပါ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀ဝ၈ ဘဏ္ဍာရေး အကျပ်အတည်းထက် အခြေအနေအများကြီးဆိုးသွားပြီး ကမ္ဘာ့စီးပွားရေး အကျကာလ ဝင်နေပြီလို့ ကြေညာ ပါတယ်။ ဝင်ငွေနိမ့် နိုင်ငံ ၈၀ လောက်ဟာ အိုင်အမ်အက်ဖ်ရဲ့ အရေးပေါ်အကူညီ လိုအပ်နေပါတယ်။ ဈေးကွက်ထွန်းသစ်စ နိုင်ငံတွေကို ကယ်တင်ဖို့ ငွေကြေး ၂ ဒသမ ၅ ထရီလီယံ ထည့်ဝင်ပေးဖို့ လိုနေပြီး အိုင်အမ်အက်ဖ်အနေနဲ့ တစ်ထရီလီယံဒေါ်လာ ချေးပေးဖို့ ရှိပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း မတ်လ ၃၁ ရက်နေ့က ဗိုင်းရပ်စ်ကြောင့် တရုတ်နဲ့ အရှေ့ အာရှမှာ စီးပွားရေးတိုးတက်မှုကျဆင်းပြီး လူသန်းပေါင်းများစွာ ဆင်းရဲမှုကြုံလိမ့်မယ်လို့ ကြေညာပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ အရှေ့အာရှ ပစိဖိတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ဝ ဒသမ ၅ အထိ ကျုံ့သွားမယ်။ ၂၀၁၉ ခုနှစ်မှာ အဲဒီဒေသကြီးရဲ့ စီးပွားရေးတိုးတက်မှု ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ ရာက လက်ရှိ ၂ဝ၂ဝ ပြည့်နှစ်ရဲ့ ကျန်တဲ့လတွေမှာ တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းထိ ကျသွားမယ်။ ဒီဒေသမှာ လူ ၃၅ သန်း ဆင်းရဲမှုကြုံကြရပြီး တရုတ်တစ်နိုင်ငံတည်းက ၂၅ သန်း ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

 

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အမေရိကန်မှာတော့ လူ ၁၀ သန်းကျော် အလုပ် လက်မဲ့ ဖြစ်သွားပါတယ်။ ၂၀ဝ၈-၂၀၁၀ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ကာလက အလုပ်လက်မဲ့ ၈ ဒသမ ၈ သန်းကျော်ထက်ကို ပိုလွန်သွားပါပြီး ဒါဟာ ပြဿနအစပဲရှိပါသေးတယ်။ အီတလီဟာ ဥရောပဇုန်တိုင်းပြည်တွေအနက် တိုင်းပြည်ကြွေးမြီအများဆုံး ကမ္ဘာမှာ တတိယကြွေးမြီအများဆုံး ဖြစ်သွားပါတယ်။ ကြွေးမြီမိုးထိုးသွားရတဲ့အကြောင်းက ကိုဗစ်ဝင်နေချိန် စီးပွားရေးမပြိုလဲအောင် အစိုးရက နင်းသုံးရလို့ပါပဲ။ အီတလီက ဥရေရောပရဲ့ တတိယစီးပွားရေး အကြီးမားဆုံး ကနေ ဥရောပနိုင်ငံများစွာအနက် နေ့ချင်း ညချင်း ဘဏ္ဍာရေးပြိုလဲသွားတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ အခြား ဥရောပ စီးပွားရေးအင်အားကြီးတွေလည်း စီးပွားရေးယန္တရ ဆက်လည်ပတ်နိုင်ဖို့ ဘဏ်ထဲရှိသမျှထုတ်ပြီး ကယ်တင်ရေး bailout အစီအစဉ်တွေ လုပ်နေရပါတယ်။ ဂျာမနီက ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရာမှာ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်ဝမ်တို့လို အောင်မြင်ပေါက်မြောက်သွားတယ်။ တစ်ကိုယ်ကောင်းဆန်စွာ ကာကွယ်သွားတယ်လို့ ဥရောပနိုင်ငံတချို့ ပြောတာခံရ တယ်။ ဆယ်စုနှစ်လေးခုလောက်အတွင်း ဘဏ္ဍာရေးအကျပ်အတည်း မကြုံ ခဲ့ဖူးတဲ့ ဂျာမနီဟာ အခု ၂၀၂၀ ပြည့်နှစ်မှာ စီးပွားရေး ၅ ရာခိုင်နှုန်း ကျုံ့သွား ပါတယ်။

 

ဖွံ့ဖြိုးဆဲကမ္ဘာရဲ့ ကပ်

 

နောက်ထပ် အကြီးအကျယ် စီးပွားရေးပြိုလဲဖို့ရှိနေတာက ဖွံ့ဖြိုးဆဲ ကမ္ဘာလို့ ခန့်မှန်းကြပါတယ်။ အခုထိတော့ အိန္ဒိယ၊ ဘရာဇီး၊ နိုင်ဂျီးရီးယား အင်ဒိုနီးရှားတို့လိုနိုင်ငံတွေမှာ ရောဂါကူးစက်မှုနည်းပါသေးတယ်။ အကြောင်းက ဖွံ့ဖြိုးပြီးကမ္ဘာထက် ကုန်သွယ်မှုနဲ့ လေကြောင်းခရီးသွားလာမှုနည်းလို့ပါပဲ။ နောက် ဒီနိုင်ငံတွေမှာ လူအနည်း ငယ်ကိုပဲရောဂါစမ်းသပ်နိုင်မှု လုပ်နိုင် သေးတာကြောင့် ကူးစက်သူအရေအတွက် နည်းသေးတာလည်း ဖြစ်ချင် ဖြစ်မယ်။ တကယ်လို့ အပူဒဏ်က ဗိုင်းရပ်စ်ကို တားဆီးမပေးနိုင်ခဲ့ရင် သို့မဟုတ် ကံမကောင်းခဲ့ရင် မြင်တွေ့ရမယ့်ဘေးက မတွေးဝံ့စရာပါ။ ရနေတဲ့ အခွန်ဘဏ္ဍာအားလုံး ဆုံးရှုံးကုန်မှာဖြစ်သလို အစိုးရစိုက်ထုတ် ကူညီရမှာ တွေကလည်း ထည့်မလောက်ပါပဲ။ ဖွံ့ဖြိုးဆဲကမ္ဘာအတွက် မဟာစီးပွားရေးကပ် (Great Depression) ဗားရှင်းအသစ် ဖြစ်သွားပါမယ်။

 

ရေနံနိုင်ငံတွေမှာလည်း သူတို့ပြဿနာနဲ့ပါပဲ။ ဆော်ဒီအာရေဗီယားနဲ့ ရုရှားနိုင်ငံတို့အကြား လတ်တလော အငြင်းပွားမှုတွေ ပြေလည်သွားရင်တောင် ရေနံဝယ်လိုအားက အဝီစိထိထိုးဆင်းနေပြီး ပုံမှန်ဈေး ချက်ချင်းပြန်ရောက်ဖို့ မလွယ်လှပါဘူး။ ခန့်မှန်းချက်တွေက တစ်စည် ၁၀ ဒေါ်လာအထိ ကျဖို့ ရှိနေပါတယ်။ ဒီဈေးနှုန်းနဲ့ဆို လစ်ဗျား၊ နိုင်ဂျီးရီးယား၊ အီရန်၊ အီရတ်၊ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေအခြေအနေ စဉ်းစားကြည့်ပါ။ ဒီအစိုးရတွေဟာ ရေနံတစ်စည် ဒေါ်လာ ၆၀ ကျော်ကနေရတဲ့ အခွန်ဘဏ္ဍာနဲ့ ရပ်တည်နေကြ တာဖြစ်တယ်။ တစ်စည် ၁၀ ဒေါ်လာကဆိုဗီယက်ပြည်ထောင်စုပြိုလဲတုန်းက ဈေးဖြစ်ပြီး နောက်ပိုင်းမတွေ့ရပါ။ ဒီအတိုင်းဆို အာရပ်ကမ္ဘာမှာ နိုင်ငံရေး ကသောင်းကနင်းတွေ၊ ဒုက္ခသည်တွေးတော်လှန်ရေးတွေ မကြာခင်ပြန်တော့ လာဦးမလားပဲ။

 

စီအင်န်အင်န်သတင်းဌာနက ဝေဖန်သုံးသပ်သူ ဖာရိဒ်ဇာခါရိယာကတော့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုက အစိုးရတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို ကြွေးမြီ လွှမ်းသွားစေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုဂျီဒီပီ စုစုပေါင်း တန်ဖိုးက ဒေါ်လာ ထရီလီယံ ၉၀ ရှိပြီး အစိုးရနဲ့ပုဂ္ဂလိက နှစ်ခုပေါင်းကြွေးမြီ ဒေါ်လာ ထရီလီယံ ၆၀ အထိ တက်သွားတယ်။ ကမ္ဘာ့စီးပွားရေးအင်အား ကြီးနှစ်နိုင်ငံ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြွေးမြီက ဂျီဒီပီအချိုးအစားရဲ့ ၂၁၀ ရာခိုင်နှုန်းနဲ့ ၃၁၀ ရာခိုင်နှုန်း အသီးသီးရှိနေတယ်။ နိုင်ငံကြီးနှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်နိုင်မှုမရှိခဲ့ရင်၊ အခြားနိုင်ငံတွေကို ဦးဆောင်မှုမပေးနိုင် ခဲ့ရင် စီးပွားရေး အလုံးစုံပျက်သုဉ်းမှုကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်လို့ တွက်ချက်ပြပါတယ်။

 

မြန်မာ့ထွက်ရပ်လမ်း

 

အခြားကမ္ဘာ့နိုင်ငံတွေလိုပဲ မြန်မာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးသက်ရောက်မှုတွေက မသေးလှပါဘူး။ မြန်မာဟာ ဝူဟန်မြို့ရောက် ကျောင်းသားတွေကို ပြန်ခေါ်တာကစလို့ ဗိုင်းရပ်စ်ကာကွယ်ရေးမှာ ရှိသမျှ စွမ်းအင်နဲ့ တက်တက်ကြွကြွကာကွယ်နေတဲ့ နိုင်ငံပါပဲ။ အထူးသဖြင့် ကျန်းမာ ရေးနဲ့အားကစားဝန်ကြီးဌာနက ဆေးရုံတွေ အစိုးရဝန်ထမ်းတွေကြားမှာ ကြိုတင်ပြင်ဆင်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်ထားပါတယ်။ အငိုက်မိသွား တာက အိမ်နီးချင်း ထိုင်းနိုင်ငံက ရုတ်တရက် စက်ရုံအားလုံးပိတ် နိုင်ငံခြား သားတွေ ပြန်လွှတ်လိုက်တဲ့အခါမဲဆောက်-မြဝတီနယ်စပ်ကနေ ပြည်တွင်း ပြန်ဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားလှိုင်းလုံးကြီးကို ထိန်းမနိုင်ဖြစ်ခဲ့ရတာပါ။

 

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့ ဝ ဒသမ ဝ၆ ရာခိုင်နှုန်း ပမာဏရှိပြီး ဒီနှစ် ၂ဝ၂ဝ ပြည့်နှစ်မှာ ဂျီဒီပီ ဒေါ်လာ ဘီလီယံ ၈၀ နီးပါး အမြင့်ဆုံးခန့်မှန်းထားပါတယ်။ ဒါပေမယ့် အခုကပ်ဘေး ကြောင့် ခရီးသွားလုပ်ငန်းတွေ၊ လေကြောင်းလိုင်းတွေ၊ အထည်ချုပ်စက်ရုံ တွေ၊ စက်မှုဇုန်တွေ၊ စားသောက်ဆိုင်တွေ အကုန်ပိတ်ထားရတယ်။ ၁၄ ရက် အသွားအလာကန့်သတ်မှု (Quarantine) လုပ်ထားပြီး ကြာလာရင် စီးပွား ရေးမှာ အကျိုးသက်ရောက်မှု ကြုံရမှာမလွဲပါပဲ။ ဒီအတွက် နိုင်ငံစီးပွား ပုံမှန် လည်ပတ်နိုင်ရေး၊ ပုဂ္ဂလိကလုပ်ငန်းများ ကျားကန်ပေးရေး၊ အလုပ်လက်မဲ့ ထောက်ပံ့ရေးတို့အတွက် အခြားနိုင်ငံတွေရဲ့ အရေးပေါ် ဆောင်ရွက်မှုတွေအတိုင်း အစိုးရဘဏ္ဍာတိုးမြှင့်သုံးစွဲမှု အစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

 

ထူးခြားတဲ့ အခုလို ကပ်ဘေးကာလ နယ်စပ်ကတစ်ဆင့်ပြန်ရောက်လာ သူတွေနဲ့ လေကြောင်းလိုင်းတွေက ပြန်လာသူတွေအပေါ် ပြည်တွင်းနေထိုင် သူတွေ စိုးရိမ်စိတ်ရှိတာလည်း သဘာဝကျပါတယ်။ သို့သော် သူတို့ဟာ ပြည်ပမှာ အလည်လွန်နေသူများ မဟုတ်ပါ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ နေရာ ပေါင်းစုံမှာ ဝင်ရောက်လုပ်ကိုင် ချွေးနှဲစာစုဆောင်း၊ ပြည်တွင်းကျေးလက်  တောရွာအသီးသီးကို ငွေပြန်ပို့ပြီး မြန်မာ့စီးပွားရေးကို တစ်ဖက် တစ်လမ်းက ထမ်းပေးထားကြသူတွေပါ။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၇ ခုနှစ် မြန်မာငွေလွှဲပို့မှု (remittances) အစီရင်ခံစာအရ မြန်မာလုပ်သား ၃ ဒသမ ၁ သန်းဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ငန်းစုံလုပ်ကိုင်ကြပြီး ပြည်တွင်းကို တစ်နှစ် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ပြန်ပို့နိုင်ပါတယ်။ အခုနောက်ပိုင်း ဒီထက် ပမာဏနှစ်ဆ ပိုများပါတယ်။ ကူးစက်ရောဂါကျရောက်ချိန် ပြင်ပက လုပ်ငန်း တွေပိတ်လို့ဖြစ်ဖြစ်၊ ပြန်လွှတ်လိုက်လို့ဖြစ်ဖြစ် သူတို့ ပြည်တွင်းပြန်ရောက် လာချိန်မှာ အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုနှစ်သိမ့်ဖို့လိုသလို သူတို့ ဘက်ကလည်းလူ့အဖွဲ့အစည်း အန္တရာယ်မကျရောက်ရေး ခဏတာ ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုပါမယ်။

 

တကယ်တော့ ကိုဗစ်-၁၉ က နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ နိုင်ငံတကာအခင်းအကျင်း အစစအရာရာကို ပြောင်းလဲစေခဲ့ ပါပြီး၊ နိုင်ငံကိုယ်စီဟာ ပြည်ပက ဝင်ရောက်လာတဲ့သူစိမ်းကို ကျန်းမာရေး မစစ်ဘဲသူ့နိုင်ငံထဲ လွယ်လွယ်လက်ခံထားဖို့ မဖြစ်နိုင်တော့ပါဘူး။ အလားတူ မြန်မာရွှေ့ ပြောင်းလုပ်သားတွေ ဟာလည်း ပြည်ပနိုင်ငံ တစ်နိုင်ငံဆီ သွားရောက်လုပ်ကိုင်ဖို့ လွယ်လွယ်ကူကူမဟုတ်တော့ပါဘူး။ ကိုဗစ်က အရာရာကို တားဆီးစေခဲ့ပြီ။ ဒါဆို ကျေးလက်မိသားစုတွေကို တစ်ဖက်တစ်လမ်းက စားဝတ်နေရေး စောင့်ရှောက် ပေးနေတဲ့ ပြည်တော်ပြန်တွေအတွက် ဘယ်လို စဉ်းစားကြမလဲ။

 

ဖောက်ထွက်စဉ်းစားရင် သူတို့ရဲ့ လုပ်နိုင်စွမ်းရည်နဲ့ အတွေ့အကြုံတွေ ဟာ မြန်မာ့စီးပွားရေး ဦးမော့လာစေဖို့ အင်အားသစ်တွေပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက သူတို့အင်အားကို ကျယ်ပြောတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ တီထွင်ဆန်းသစ်တဲ့ စက်မှုလယ်ယာလုပ်ငန်းတွေ မှာ နေရာပေးဖို့၊ ရင်းနှီးမြှုပ်နှံဖို့ လိုပါမယ်။ ကိုဗစ်ကပ်ရောဂါ တည်ငြိမ်သွား တဲ့အခါပြည်တွင်းလုပ်သားအင်အားစုတွေနဲ့အတူ နေရာချထားပေးဖို့ ပြင်ရပါမယ်။ မိုးဦးမကျခင်မြန်မာတွေ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ ဂရိဒဏ္ဍာရီ လာ ဖီးနစ်ငှက်လို ပြန်လည်လန်းဆန်း ရှင်သန်ကြရဦးမှာပဲ ဖြစ်ပါတယ်။