ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်အားကစားရုံကြီး အိန္ဒိယတွင် တည်ဆောက်လျက်ရှိ

နယူးဒေလီ ၁၄ ဒီဇင်ဘာ

ပွဲကြည့်ပရိသတ် တစ်သိန်းတစ်သောင်းခန့်ဆံ့မည့် ကမ္ဘာ့အကြီးဆုံး ခရစ်ကက်အားကစားရုံကြီးကို အိန္ဒိယတွင် တည်ဆောက်လျက်ရှိပြီး လာမည့်နှစ် အစောပိုင်းတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာပွဲကို ပထမဆုံး အကြိမ်အဖြစ် လက်ခံကျင်းပသွားနိုင် ဖွယ်ရှိသည်ဟု သိရသည်။ ။

အားကစားရုံ အသစ်ကြီးကို အာမီဒါဘတ်မြို့တွင် တည်ဆောက်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် အကုန်အကျခံဆောက်လုပ် နေခြင်းဖြစ်သည်။ ဩစတြေးလျနိုင်ငံ Melbourne Cricket Ground အားကစားရုံထက် ယခုအိန္ဒိယတွင် တည်ဆောက်နေသည့် ခရစ်ကက်အားကစားရုံမှာ ပွဲကြည့်ပရိသတ် ပိုမိုဝင်ဆံ့မည်ဖြစ်သည်။ ဩစတြေးလျရှိ အဆိုပါအားကစားရုံမှာ ပွဲကြည့်ပရိသတ် တစ်သိန်းခန့်သာ ဝင်ဆံ့သည်။

ဆာဒါပက်တယ် အားကစားရုံသည် မတ်လအတွင်း ပထမဆုံး အားကစားပြိုင်ပွဲကို လက်ခံကျင်းပ နိုင်ဖွယ်ရှိသည်။ အားကစားရုံကြီးအတွင်း သက်သောင့်သက်သာဖြင့် ကြည့်ရှုနိုင်မည့် အခန်းပေါင်း ၇၀၊ အဝတ်အစားလဲလှယ်ခန်း လေးခန်း နှင့် အိုလံပစ်အရွယ်အစား ရေကူးကန် တစ်ခုပါဝင်မည်ဖြစ်သည်။ အဆိုပါ အားကစားရုံကြီးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းမှ စတင်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အေအက်ဖ်ပီ