ကမ္ဘာ့အဆင့်တက္ကသိုလ် မျှော်မှန်းမြှင့်တင်

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ပြီးသည့်နောက် လွတ်လပ်ရေးရပြီး နောက်ပိုင်း ကာလများအထိ ကမ္ဘာ့အလယ်တွင် ဝင့်ထည်သောတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ်၊ အာရှတွင် အလှပဆုံးတက္ကသိုလ်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နှလုံးသည်းပွတ်တွင် အမြတ်တနိုးတန်ဖိုးထားစရာ ဖြစ်ခဲ့သည်။

 

နိုင်ငံတကာအလယ်တွင် ဂုဏ်တင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် လှပတင့်တယ်သော ပတ်ဝန်းကျင်အနေအထား ဖြစ်အောင် တည်ဆောက်ထားခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိခြင်း၊ သင်ကြားပုံစနစ်ကောင်းမွန်ခြင်း၊ ရန်ကုန် တက္ကသိုလ်မှ ပေးအပ်သောဘွဲ့ဒီဂရီများအား နိုင်ငံတကာကအသိအမှတ်ပြုခြင်း၊ သုတေသနလုပ်ငန်းများကို ထိရောက်စွာလုပ်ကိုင်နိုင်ခြင်း၊ ကမ္ဘာကျော်တက္ကသိုလ်များဖြစ်ကြသော အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်များ၏စနစ်ကို အခြေခံထားခြင်း၊ ပညာရပ်ဝန်းကျင်ကောင်းမွန်ခြင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ ထူးချွန် ထက်မြက်သူများအား မွေးထုတ်ပေးနိုင်ခြင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတစ်လျှောက်လုံးတွင် ပါဝင်ခဲ့ခြင်း စသည့်အချက်များကြောင့် သမိုင်းအစဉ်အလာကြီးမားသည့် တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်၏ ကောင်းမြတ်သောအစဉ်အလာများသည် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်နောက်ပိုင်း ဆိုရှယ်လစ်ခေတ်မှစ၍ တက္ကသိုလ်ဥပဓိရုပ်မှာ ရှေးအစဉ်မပျက် နှစ်လိုဖွယ်ရာအဖြစ် ရပ်တည် နေဆဲဖြစ်သော်လည်း တက္ကသိုလ်ပညာအရည်အသွေးမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ယင်းနောက် ခေတ်အဆက်ဆက်တွင် မြန်မာ့ပညာရေးကိုမြှင့်တင်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်ခဲ့သော်လည်း မျှော်မှန်း သလောက်ခရီးမရောက်ခဲ့ပေ။ ရန်ကုန်တက္ကသိုလ်သည် မည်သည့်အခြေအနေတွင်ရှိနေသည်ဖြစ်စေ တစ်ချိန်က ရန်ကုန်တက္ကသိုလ်၏ သင်းပျံ့သည့်ဂုဏ်သတင်းနှင့် အောင်မြင်မှုများမှာ ယနေ့ထက်တိုင် တမ်းတလွမ်းမောနေဆဲ၊ ဂုဏ်ယူဝင့်ကြွားနေဆဲ ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလသို့ရောက်လာသည့် မျက်မှောက်ကာလတွင် တက္ကသိုလ်အဆင့် ပညာရေးပြုပြင် ပြောင်းလဲမှုများ ပြောင်းလဲလုပ်ကိုင်နေပြီဖြစ်သည်။ တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးအသိအမှတ်ပြု ပညာရေး၊ အဆင့်မြင့်သင်ကြားပို့ချနိုင်ရေး ပညာသင်ရာဌာန တက္ကသိုလ်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ရန်ကုန် တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြင့်ကော်မတီကိုဖွဲ့စည်းထားပြီး ကော်မတီသည် ကမ္ဘာ့အဆင့်မြင့်တက္ကသိုလ် ကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိရောက်သော သင်ကြားရေးစနစ်၊ စာမေးပွဲစနစ်၊ ဆရာ ဆရာမများ အရည်အချင်း မြှင့်တင်ရေး၊ သုတေသနစွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်နေပြီ ဖြစ်သည်။

 

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ကြီးသည် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အဖြစ် ပြန်လည်မရောက်ရှိသေးသော်လည်း ရန်ကုန်တက္ကသိုလ် သိပ္ပံဘာသာရပ်အချို့တွင် ပြုလုပ်နေသည့် သုတေသနလုပ်ငန်းအချို့ကို နိုင်ငံတကာ အဆင့်မီ သုတေသနဂျာနယ်များတွင် ထည့်သွင်းဖော်ပြပေးလာသဖြင့် ကမ္ဘာ့အဆင့်မီလာသည်ဟု ပြောနိုင်ဆိုနိုင်ပြီဖြစ်သည်။ ထို့အပြင် အမေရိကန်နိုင်ငံ အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (နာဆာ)တွင် ပညာရှင်အဖြစ် တာဝန်ထမ်းနေသူ၊ အခြားထင်ရှားသည့် ပြည်ပလုပ်ငန်းကြီးများတွင် အလုပ်လုပ်နေကြသည့် ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ထင်ရှားကျော်ကြားသည့် ပြည်ပတက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခ များသည် ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံပညာရပ်ဘွဲ့ဒီဂရီများရရှိပြီးနောက် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြ သည့် ထူးချွန်ပညာရှင်များဖြစ်သည်။

 

မျက်မှောက်ကာလတွင် အတိတ်တစ်ချိန်က ရန်ကုန်တက္ကသိုလ်၏ ပညာရည်အဆင့်အတန်းကို မမီနိုင်သေးသော် လည်း လက်ရှိမြန်မာနိုင်ငံ၏ ရန်ကုန်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ပြီး နယ်ပယ်ကဏ္ဍ အသီးသီး၊ မျိုးစုံတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ထူးချွန်ပြောင်မြောက်သော၊ အောင်မြင်ကျော်ကြားသော ကျွမ်းကျင်သူများ၊ ပညာရှင်များအား ရှာဖွေကြည့်လျှင် တွေ့ရှိနိုင်မည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံ သား ထူးချွန်သူများ၊ မြန်မာနိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနေကြသူများသာ ဖြစ်သည်။ ထူးချွန်သူများ အဆက်မပြတ် ပေါ်ထွက်လာအောင် မျက်မှောက်ကာလဘာသာရပ်အသီးသီးမှ ဆရာ ဆရာမများက နိုင်ငံ့အကျိုးပြု ဘာသာရပ် အလိုက် ဖွံ့ဖြိုးမှုအတွက် ယခုထက် ပိုကြိုးပမ်း အားထုတ်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

 

သို့ဖြစ်ရာ သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၁၀၀) ပြည့်ကာလတွင် တက္ကသိုလ်၏ ဂုဏ်ဒြပ်နှင့် အရည်အချင်းများကို ပြန်လည်၍ ဝိုင်းဝန်းမြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်ခေတ်တစ်ခါက ကမ္ဘာ့အလယ်တွင် ဂုဏ်ဝင့်ထည်ခဲ့သော၊ အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ်အဖြစ် အမည်တွင်ခဲ့သော တက္ကသိုလ်ကြီးအဖြစ် ပြန်လည်ပေါ်ထွန်းလာပြီး ထူးချွန်ထက်မြက်သော အသိပညာရှင်၊ အတတ်ပညာရှင် အမြောက်အမြားအား နှစ်စဉ်မွေးထုတ်ပေးနိုင်တော့မည်ကို မျှော်လင့်နေပါကြောင်း။    ။

ကြေးမုံ