ကလေးတို့ အိပ်ရာ၀င်ပုံပြင်ထဲက ရေသူမတွေ တကယ်ရှိသလား

၂၈ ဇွန်

 

ပင်လယ်ကြီးထဲက ကျောက်ဆောင်တွေပေါ်မှာ ရွှေရောင်ဆံပင်တွေနဲ့ ရောင်စုံတလက်လက်တောက်ပနေတဲ့ အမြီးပိုင်ရှင် ရေသူမတွေကို ကလေးတို့ သိကြသလား။ ကာတွန်းနဲ့ ပုံပြင်တွေထဲက ရေသူမလေးတွေက သိပ်ကိုလှပပြီး ချစ်စရာ ကောင်းတာပေါ့။ ဆံပင်ရှည်တွေက သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖုံးအုပ်ထားသတဲ့။ လူတစ်ပိုင်း ငါးတစ်ပိုင်းနဲ့ ရေသူမ တွေဟာ ပုံပြင်တွေထဲမှာ သိပ်ကိုသီချင်းဆိုကောင်းကြသတဲ့။ ဒါဆို ရေသူမလေးတွေ တကယ်ရောရှိသလားဆိုတာ သိချင် သွားကြပြီမဟုတ်လား။

 

ပင်လယ်တွေထဲက ယုံတမ်းပုံပြင်တွေထဲမှာတော့ ရေသူမက သိပ်ကိုလှပပြီး ရက်စက်တယ်ဆိုပြီး ပြောကြ တာပေါ့ကွယ်။ ရေသူမပုံပြင်တွေဟာ ဟိုးနှစ်ပေါင်းများစွာ ကတည်းက ပေါ်လာခဲ့တာပါ။ ပင်လယ်သမုဒ္ဒရာတွေထဲမှာ သူတို့တွေ နေထိုင်ကျက်စားကြပြီး သင်္ဘောသားတွေဟာ ရေသူမတွေကို တွေ့ဆုံခဲ့ကြရတယ်ဆိုပြီး ပြောကြတာပါ။ သူတို့အတွေ့အကြုံတွေကလည်း အစုံပါပဲ။ ရွှေဘီးလေးနဲ့ ရေသူမတွေဟာ သူတို့ဆံပင်တွေကို သပ်ရပ်အောင် ဖြီးသင် နေကြတယ်လို့ပြောကြသလို သူတို့ရဲ့ခင်ပွန်း ဒါမှမဟုတ် အရှင်သခင်ဖြစ်တဲ့ ရေနဂါးမင်းကြီးရဲ့ သူလျှိုတွေအနေနဲ့ လူ့ပြည်ကအကြောင်းတွေကို စုံစမ်းနေကြတယ်လို့လည်း ပြောကြတာပေါ့။ ရေသူမတွေက သီချင်းဆိုကောင်းတဲ့ အတွက် သင်္ဘောသားတွေကို သီချင်းဆိုပြရင်း ဖြားယောင်း ပြီး ရေထဲဆွဲချ ကိုက်ဖြတ်စားသောက်တယ်လို့လည်း ပြောကြတာရှိပါတယ်။ ဒါတင်မကသေးပါဘူး ရေသူမ တွေကို ပင်လယ်ထဲမှာ မြင်ရပြီဆိုတာနဲ့ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေလက်၊ မုန်တိုင်းတွေထန်လာပြီး သင်္ဘောတွေ၊ လှေကြီးတွေ ပင်လယ်မှာ နစ်မြုပ်ကြတယ်ဆိုတဲ့ ယုံတမ်း ပုံပြင်တွေ ရှိပါတယ်။ အခုအချိန်အထိကို အတ္တလန္တိတ် သမုဒ္ဒရာကြီးထဲမှာ ရေသူမတွေရှိတယ်လို့ ယုံကြည်ကြသူ တွေလည်း အများကြီးရှိပါတယ်။

 

တိကျတဲ့ သမိုင်းမှတ်တမ်းအချို့နဲ့ ရေကြောင်းခရီး သွားတဲ့ ကိုလံဘတ်စ်လို ခရီးသွားတဲ့ လူစွန့်စားတွေရဲ့ မှတ်တမ်းအချို့မှာလည်း ရေသူမ တကယ်ရှိခဲ့တယ်။ မြင်တွေ့ခဲ့ရတယ်ဆိုပြီး ရေးသားခဲ့ကြတာမို့ ရေသူမဆိုတာ တကယ်ရှိတယ်လို့ သတ်မှတ်ကြသူတွေလည်း ရှိပါတယ်။ နောက်ပိုင်းမှာ သူတို့မြင်တွေ့ခဲ့ရတာ ပုံပြင်တွေထဲက ရေသူမနဲ့တူတဲ့ ငါးကြီးတွေလို့ သတ်မှတ်ကြသူတွေလည်း အများကြီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရေသူမလို့ ပြောလိုက် တာနဲ့ ဘယ်သူပဲမဆို သိထားကြပြီး ကလေးတို့အတွက် လည်း စိတ်၀င်စားစရာကောင်းနေမယ်လို့ မမကတော့ ထင်ပါတယ်။

 

အချို့ကလည်း နှင်းလူလိုသတ္တဝါကြီးတွေ၊ ဒိုင်နိုဆော လို သတ္တဝါကြီးတွေလို ကမ္ဘာဦးအစတုန်းက ရေသူမဆိုတာ တကယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ မျိုးသုဉ်းပျောက်ကွယ်သွား တာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြတာမျိုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေသူမနဲ့ ပတ်သက်ပြီး တကယ်ရှိ သလား၊ မရှိဘူးလားဆိုတာကိုတော့ တိကျတဲ့ ဖော်ထုတ် မှု ထွက်မလာခဲ့သေးပါဘူး။ အခုနောက်ပိုင်း သတင်းအချက် အလက်တွေကို အင်တာနက်ကနေ လွယ်လွယ်ကူကူ ရနိုင် တဲ့အချိန်မှာ ရေသူမနဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း အများကြီးကြားရတာပေါ့။ အရေပြားတွန့်ရှုံ့နေတဲ့ အပေါ် ပိုင်းကလူပုံနဲ့ ငါးအမြီးရှိတဲ့သတ္တဝါတွေ ဖမ်းမိတယ်ဆိုပြီး ပြောကြတာရှိသလို ဗြိတိန်မှာရှိတဲ့ ပြတိုက်တစ်ခုမှာလည်း ရေသူမလို့ယူဆရတဲ့ ရုပ်ကြွင်းတွေပြသထားတာ ရှိပါတယ်။ အချို့ကလည်း အဲဒါက ရေသူမအတုလို့ ပြောကြတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေသူမတွေအကြောင်း ကတော့ ကလေးတိုင်းရဲ့ အိပ်ရာ၀င်ပုံပြင်ထဲမှာ ပါတတ် ပါတယ်။

 

ယုံတမ်းစကားတွေထဲမှာ ရေသူမတွေဟာ သင်္ဘော သားတွေကို ဆွဲဆောင်ကြတယ်။ သူတို့ဟာ သိပ်ကိုလှပသလို ရက်စက်တတ်ကြတယ်ဆိုတာမျိုးက ပိုပြီးများပါတယ်။ အချို့ပင်လယ်ပုံပြင်တွေမှာတော့ ရေသူမဆီမှာ အနီရောင်ဦးထုပ်လေးတစ်လုံးရှိသတဲ့။ အဲဒီဦးထုပ်လေး ကို သူတို့ဆီက ယူပြီးဆောင်းထားလိုက်မယ်ဆိုရင် သူတို့နဲ့ အတူ ရေအောက်ကမ္ဘာကြီးကို သွားလည်နိုင်တယ်ဆိုပြီး ပြောပြတဲ့ ပုံပြင်တွေလည်း ရှိပါတယ်။ အားလုံးက ရေသူမ လေးတွေကို စိတ်ကူးထဲမှာပုံဖော်ရင်း အပြင်မှာ တကယ် မြင်ဖူးချင်ကြမှာ အသေအချာပါပဲနော်။ ။

 

ကေ - ဂျူဝယ်လ်