ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ကလေးငယ်များ တွေ့ဆုံပွဲကျင်းပ

ဒဂုံ  ၁၀ စက်တင်ဘာ 


ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ(TCRC)နှင့် ကလေးသူငယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး ကနောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် စောင့်ရှောက်ရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ပြောကြားခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်ပန် က ကလေးသူငယ်တိုင်း ပျော်ရွှင်စွာ ပညာသင်ကြားစေရေး လုံခြုံမှု ရှိစေရေးတို့အား မိဘဆရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။


Children Forum ပြုလုပ်ရခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်ကို တက်ရောက်လာသည့် ကလေးများ ကိုယ်စား ကလေးငယ်တစ်ဦးမှ ရှင်းလင်းပြောကြားကာ ကလေးများက မိမိတို့ ဖြတ်သန်းကြုံတွေ့ရသည့် အခက်အခဲများ ခံစားချက်များကို ရေးသားတင်ပြဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာသည့် (TCRC) ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ကလေးငယ်များ အပြန်အလှန် ဆွေးနွေးကြပြီး ကလေးများ ဆွေးနွေးထားသည့် အကြောင်းအရာ မှတ်တမ်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ကလေးငယ်များ တွေ့ဆုံပွဲသို့ ကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကလေးသူငယ်များ တက်ရောက်ခဲ့ကြသည်။


သိမ်းစိုး(ပြန်/ဆက်)      

Related Articles