ကလေးစာပေပွဲတော်(ရေကြည်) ကျင်းပမှု ရင်တွင်းစကားသံများ

ရေကြည်  ၂၅   ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ရေကြည်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၄၊ ၂၅ ရက်တို့တွင် ရေကြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါပွဲတော် ကျင်းပမှုနှင့် ပတ်သက်သည့် ရင်တွင်းစကားသံများကို အများပြည်သူ ကြည်နူးမှုရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်(ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်) 

 

‌ေ

 

ကျွန်တော်အနေနဲ့ ဒီပွဲတော်များက ကလေးတွေအတွက် ပျော်ရွင်အောင်၊ စိတ်ဝင်စားအောင်၊ မှတ်သားစရာ ဗဟုသုတရအောင် ဆောင်ရွက်ပေးနိုင်တဲ့အပြင်၊ ပြခန်းတွေကို တစ်မြို့နဲ့ တစ်မြို့ မတူညီဘဲထူးခြားတာလေးတွေပါ ဗဟုသုတရအောင်ထည့်သွင်း ပြသတာ တွေ့ရတဲ့အတွက် ကလေးစာပေပွဲတော်တွေအားလုံးကို အားရကျေနပ်မှု ရှိပါတယ်။

နောက်ပြီး ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ ဘဝမှာ ထူးခြားမှု ရှိတာလေးတွေကို မှတ်မိတတ်ပါတယ်၊ အတွေ့အကြုံ သင်ခန်းစာယူပြီး ချဲ့ထွင်ဆောင်ရွက်ရတာတွေ ရှိပါတယ်။လောကကောင်းကျိုးကို ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့အသိတွေရလာပါတယ်။ဒီလိုပဲ ကလေးတွေကို ရစေချင် မှတ်သားစေချင်တဲ့ အတွက်လည်း ဒီကလေးစာပေပွဲတော်တွေကို ကျင်းပပေးတာဖြစ်ပါတယ်။ 

နောက်ပြီး ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းကိုလည်း ကလေးတွေ အားကျ အတုယူနိုင်အောင်၊ ထူးချွန်သူတွေကို ကြည့်ပြီး နောင်အနာဂတ်မှာ ကိုယ်စိတ်ဝင်စားတဲ့ ဘက်ကို လေ့လာလိုက်စားနိုင်အောင်လည်း ရည်ရွယ်ထည့်သွင်းပြသထားပါတယ်။ ကလေးတွေဗဟုသုတများစွာ ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကလေးတွေရဲ့ အနာဂတ်လှပပြီး ရေရှည်ကောင်းမွန်အောင် အစပျိုးပေးတာလည်း ဖြစ်ပါတယ်။ ထူးခြားတာက ကလေးတွေသာမကဘဲ လူကြီးမိတွေရော စိတ်ဝင်စားသူတွေပါ လာရောက်ကြတယ်၊ ဌာနဆိုင်ရာတွေအနေနဲ့လည်း မိမိလုပ်ငန်းတွေကို ပြည်သူနဲ့ထိတွေ့ ပြသခွင့်ရတဲ့အတွက် အထူးကောင်းမွန်တဲ့ ပွဲတော်တစ်ခုလို့ ပြောချင်ပါတယ်။

ဦးသန်းဆွေဝင်း ( ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး)

 

‌ေ

 

အရင်က ဒီကလေးစာပေပွဲတော်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကို နမူနာယူပြီး ကျွန်တော်တို့က ဒေသအသီးသီးက ကလေးများအားလုံးပါ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ်များအားလုံးမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့အနေနဲ့ တစ်မြို့နယ်ကို ငွေကျပ်သိန်း (၃၀) ထောက်ပံ့ခဲ့ပါတယ်။ ဒီငွေကြေးက မလောက်ငပါဘူး။ ဒါကို မြို့နယ်က တာဝန်ရှိသူတွေ မြို့မိမြို့ဖတွေ၊ကျောင်းသားမိဘတွေက ငွေကြေးထပ်ဆောင်းပူးပေါင်းပါဝင်ပြီး၊ အားတက်သရောဆောင်ရွက်ခဲ့ကြလို့ အခုလို စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခု ရေကြည်မြို့က (၁၉) မြို့နယ်မြောက် ဖြစ်ပါတယ်။ နောက်ထပ် (၇)မြို့နယ် ကျန်ပါသေးတယ်။ ကြံခင်းမြို့နယ်နဲ့ ဘိုကလေးမြို့နယ် ကျင်းပပြီးရင်တော့ ကလေးတွေ စာမေးပွဲရှိတဲ့အတွက် ခဏနားမှာဖြစ်ပါတယ်။ မတ်လကုန်လောက်မှစပြီး ကျန်တဲ့(၅) မြို့နယ်ကို ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ 

တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပိုပြီးကောင်းအောင် ကလေးတွေဗဟုသုတရအောင် ဆောင်ရွက်ပေးတဲ့အတွက် အထူးပဲအားရမိပါတယ်။ နောက်ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်မှန်းထားတဲ့ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းကိုလည်း အားလုံးတစ်ခဲနက် ကြည့်ရွုအားပေးကြတာ တွေ့ရပါတယ်။ ဆရာ၊ ဆရာမတွေကလည်း အားတက်သရော ရှင်းလင်းပြသတာတွေ လုပ်ကြတဲ့အတွက် ကလေးတွေအတွက် အများကြီး ဗဟုသုတရစေပါတယ်။ 

ပျော်ပွဲရွှင်ပွဲတွေမှာလည်း ကလေးတွေ အားတက်သရော ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရတဲ့အပြင် ထူးခြားတာက စာအုပ်အရောင်းဆိုင်တွေမှာလည်း ကလေးတွေပြည့်နှက်ပြီး စာအုပ်တွေဝယ်ယူတာတွေ့ရပါတယ်။ ကလေးတွေအတွက် စာအုပ်ဖတ်တဲ့ အလေ့အထ၊ ဝယ်ယူကြည့်ရှုတဲ့ အလေ့အထတွေရသွားမှာ ဖြစ်ပါတယ်။ တိုင်းအတွင်းက (၂၆) မြို့နယ်လုံးမှာ ကျင်းပနိုင်တဲ့အတွက် များစွာအကျိုးရှိတယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။

နိုင်ငံလုံးကျွတ်အနေနဲ့ မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုကြီးများအလိုက် ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီး အကျိုးကျေးဇူးများမှာဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို နောင်တစ်ချိန်ကြီးပြင်းလာတဲ့အခါ နိုင်ငံကိုဦးဆောင်ကြတဲ့အခါ ဒီလိုစာပေတွေကို ဖတ်ရွုပြီးဦးဆောင်ခြင်းအားဖြင့် ပိုပြီးကောင်းမွန်တဲ့ နိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

ဦးသန်းမွန် (မြို့နယ်ပညာရေးမှူး)

 

‌ေ

 

ကလေးစာပေပွဲတော် ကျင်းပတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ကလေးတွေအတွက် ဗဟုသုတရပြီး၊ စာအုပ်စာပေနဲ့ ထိတွေ့ရတယ်၊ အသိအလိမ္မာတိုးစေတဲ့ ပွဲတော်ကြီးဖြစ်တယ်လို့ ပြောလိုပါတယ်။ ကလေးစာပေပွဲတော်မှာ ကျောင်းအသီးသီးက ကလေးတွေ ပါဝင်ဆင်နွှဲနိုင်အောင်လည်း ကျွန်တော်တို့ ပညာရေးဌာနအနေနဲ့ စီမံဆောင်ရွက်ပေးခဲ့ပါတယ်။ သက်ဆိုင်ရာ ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်ကြဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုကလေးတွေ အနာဂတ်အတွက် အကျိုးရှိမယ့်ပွဲတော်မျိုးကို ကျင်းပခွင့်ရအောင် စီစဉ်ခဲ့ကြသူများ အားလုံးကိုလည်း ကလေးများအားလုံးကိုယ်စား အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဝိုင်းသီရိအောင်(လူရည်ချွန်)

 

‌ေ

 

သမီးတို့အနေနဲ့ ဒီပွဲတော်ကနေပြီး နောင်တစ်ချိန်အသုံးပြုလို့ရမယ့် တန်ဖိုးရှိတဲ့ ဗဟုသုတတွေ အများကြီး ရပါတယ်။ 
ပြခန်းတွေကို အထူးစိတ်ဝင်စားပါတယ်။ စာအုပ်အရောင်းဆိုင်တွေကို အများကြီးတွေ့မြင်ရပြီး ဝယ်ယူနေကြတာတွေ၊ ကလေးတွေ ဂိမ်းကစားနည်းတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာတွေကို တွေ့ရတဲ့အတွက် စိတ်အပန်းပြေပြီး ကျေနပ်မိပါတယ်။ ပြိုင်ပွဲ အစီအစဉ်တွေအနေနဲ့ ပုံပြောနဲ့ ကျပန်းပြိုင်တာတွေကို သဘောကျပါတယ်။ လူကြီးရော ကလေးပါ ကြည့်ရှုလို့ရပြီး၊ ကလေးတွေအနေနဲ့ နောင်တစ်ချိန်မှာ သူတို့လည်း ပါဝင်ယှဉ်ပြိုင်ချင်တဲ့စိတ် ရဲစိတ်တွေ ဝင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
မောင်ထွဋ်မင်းခန့် (လူရည်ချွန်)

 

‌ေ

 

ကျွန်တော်တို့မြို့နယ်မှ ကျင်းပတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကလေးတွေရော လူကြီးတွေအတွက်ပါ ဗဟုသုတတွေအများကြီး ရပါတယ်။ ပျော်ဖို့လည်းကောင်းပြီး၊ ကျောင်းပေါင်းစုံက ကလေးတွေအများကြီးနဲ့ပါ တွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီပွဲတော်က ကျွန်တော်တို့အတွက် အများကြီး အကျိုးရှိတယ်လို့ မြင်ပါတယ်။

မဆုရည်မွန် (လူရည်ချွန်)

 

ျ

 

သမီးအနေနဲ့ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းကို နှစ်သက်ပါတယ်။ ကိုယ့်တိုင်းထဲက ထူးချွန်သွားကြတဲ့သူတွေကိုကြည့်ပြီး သမီးတို့ကလေးတွေ အားကျမိပါတယ်။ သူတို့လိုဖြစ်အောင် ကြိုးစားချင်စိတ်တွေလည်းဖြစ်မိပါတယ်။ စာအုပ်ပြခန်းတွေကလည်း ကလေးတွေအတွက် အများကြီးဗဟုသုတရစေပါတယ်။ သမီးတို့ကျောင်းမှာ လာကျင်းပပြီး အခုလိုစည်စည် ကားကားတွေ့ရတဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်။ စာအုပ်၊စာပေအပြင် အားကစားပါပါဝသင်တာတွေ့ရတဲ့အတွက် ကာယရော ဉာဏပါဖွံ့ဖြိုးစေတဲ့ ပွဲတော်တစ်ခုလို့ ထင်မြင်မိပါတယ်။

အဆိုပါ ကလေးစာပေပွဲတော်ကို နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ကျင်းပလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူလူငယ်များ၊ ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း- နေဝင်း၊စိုးမင်းဦး(ပြန်/ဆက်၊ ဓာတ်ပုံ - အောင်သူဟန်(ပြန်/ဆက်)