ကြက်ဥဈေးနှုန်းများ တစ်ပတ်အတွင်း အဆမတန် မြင့်တက်လာ

ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီးရှိ ကြက်ဉဈေးနှုန်းများ တစ်ပတ်အတွင်း အဆမတန်မြင့်တက်လာကြောင်း ဥစားကြက် မွေးမြူသူများထံမှ သိရသည်။
 
"မနှစ်ကတုန်းက ကြက်သမားတွေ သိပ်မမြတ်ကြပါဘူး။ ရာသီဉတုပူတုန်းကလည်း ပူလို့ဆိုပြီး ကြက်ခြံတွေမှာ ကြက်အသေအပျောက်တွေ များခဲ့တယ်။ ဒီနှစ်ကျတော့ စိတ်ဓာတ်ကျတဲ့သူတွေလည်း ကျကုန်ပြီး ကြက်တွေ လျှော့မွေးကြကုန်ကြတယ်။ ကြက်ဥ ဥနှုန်း အနည်းအများကြောင့် ဆိုတာထက် အခုကာလမှာက ဝယ်လိုအားကိုက များနေတာကြောင့် ဈေးတက်ကုန်တာပါ။ အခြေခံလူတန်းစားတွေ ကျတော့လည်း အားရှိတဲ့အစားအစာက ကြက်ဥပဲရှိတာလေ။ ကိုဗစ်ကို ကာကွယ်စေတယ် ပြောကြတော့ ပိုပြီး ရောင်းအားကောင်းကုန်တာပေါ့။"ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ ဥစားကြက်မွေးမြူသူ ကိုကျော်ကြီးက ပြောသည်။

မူလက တစ်လုံးလျှင် ငွေကျပ်(၉၀)မှ (၁၀၀)အတွင်း လက်လီရောင်းချခဲ့သည့် ကြက်ဥ အရွယ်အစားများမှာ ယခုအခါ တစ်လုံးလျှင် (၁၂၀)ကျပ်မှ (၁၅၀)ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

"လက်လီပြန်ရောင်းဖို့အတွက် လိုက်ဝယ်တာတောင် ဝယ်လို့က မရတော့ဘူး။ ကြက်ဥဒိုင်မှာကို ပစ္စည်းက ပြတ်နေတာ။ ဟိုရက်ကတင် တစ်လုံး ၉၀ ကျပ်လောက်ရှိတဲ့ကြက်ဥက အခု နှစ်ရက်အတွင်းမှာကို တစ်လုံး ၁၁၀၊ ၁၂၀ ကျပ်တွေဖြစ်ကုန်တော့ ဘယ်လိုဈေးနဲ့ရောင်းရတော့မလဲ။ ဒါလည်း လူတွေက ဝယ်နေကြတာပဲ။ ဘဲဥက ဒီလောက်ဈေးမတက်ဘူး။ ကြက်ဥက ထိုးတက်နေတာ။"ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ဥ၊ ဘဲဥရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်ရီရီစိုးက ပြောသည်။

ယခုကဲ့သို့ ကြက်ဥဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပြန်လည်မြင့်တက်လာပြီးသည့်နောက်၊ လူစုလူဝေးသွားလာခြင်းများ တင်းကြပ်မှုရှိလာပြီး အစာခြောက်များ၊ ကြက်ဥ၊ ဘဲဥ စသည်များ ဝယ်ယူစုဆောင်းမှု များပြားလာခြင်းကြောင့်လည်း ဖြစ်သည်။

နန်းထက်ထက်ချစ်