ကြက်သွန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ကြက်သွန်သွန်စိုက်ပျိုးတောင်သူများ ဈေးနှုန်းပြန်လည်တက်ရန် မျှော်လင့်နေ

ကျောက်ပန်းတောင်း၊  ၁၄ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်နီဈေးနှုန်း ကာလရှည်ကျဆင်းနေခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းတက်ရန် မျှော်လင့်နေကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူများထံက သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်ကျေးရွာ၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ချိုင်း၊ မကျီးတိုင်း၊ ကင်မွန်းခြုံ၊ ကျောက်တံခါး၊ စည်ပင်သာ၊ ကိုင်း၊ ညောင်ပင်သာ၊ အိုးအိုင်ကျေးရွာများသည် ကြက်သွန်နီအမြောက်အများ စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြပြီး ကြက်သွန်တစ်ပိဿာ ၂၅၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်ဈေးနှုန်းတက်ရန် မျှော်လင့်နေကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်သုံးဧက စိုက်ပျိုးတောင်သူ ဦးနန်းတင်က ပြောသည်။

 

ကြက်သွန်နီစတင်စိုက်ပျိုးရန် ပျိုးထောင်ခြင်းအား သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြကာ ပျိုးထောင်ပြီး လေးဆယ့်ငါးရက်ကျော်လျှင် စိုက်မည့် စိုက်ခင်းထဲသို့ ရွှေ့ပြောင်းစိုက်ကြကြောင်း၊ စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးပြီးချိန် နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေဖြန်းစနစ်ဖြင့် ရေဖြန်းပေးရပြီး ရက်ပေါင်း ၇၅ ရက်ခန့်ရှိလျှင် ကြက်သွန်နီခင်းများ ရေဖြတ်ကာ နုတ်သိမ်းကြကြောင်း သိရသည်။ ကြက်နီစိုက်ပျိုးရာတွင် ကရိကထအလွန်များကာ ကြက်သွန်တစ်သီးအတွက် အချိန်ငါးလကြာမြင့်မှ နုတ်သိမ်းကြကြောင်း၊ ဆောင်းကြက်သွန်နီလည်းခေါ် လှောင်ကြက်သွန်ခေါ်ဆိုကြပြီး တနှစ်ပတ်လုံးအထားခံကြောင်း သိရသည်။ ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန် ကြက်သွန်စိုက်သမတစ်ယောက် တစ်နေကုန် ၅၀၀၀ ကျပ်၊ အမျိုးသားရေဖြန်းတစ်ယောက် ၁၀၀၀၀ ကျပ်၊ ထွန်ယက်ဖို့ နွားရှဉ်းတစ်မနက် ၁၅၀၀၀ ကျပ်၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ  ၂၂၀၀၀ ကျပ် ပေးရပြီး နွားချေးမြေဆီ ပုဇဉ်းခေါင်းထော်လာဂျီတစ်စီး ကျပ် ၃၅၀၀၀၊ ငုံးချေး၊ ကြက်ချေးမြေဆီတစ်အိတ် ၅၀၀၀ ကျပ်၊ ဖော့စမိတ်၊ နှမ်းဖတ်၊ ပဲဖတ်၊ ကြက်သွန်မြိတ် ရွက်ဖြန်းဆေး၊ မြေငှားရမ်းခများပေးရကြောင်း လဲဂွကျေးရွာ ကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်မှ ရှင်းပြသည်။

 

ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်ဈေးနှုန်း နှစ်နှစ်ဆက်တိုက် ကျဆင်းနေပြီး ဆောင်းကြက်သွန် နုတ်သိမ်းချိန်ဖြစ်သည့် တပေါင်းလနှင့် တန်ခူးလတို့တွင် ကြက်သွန်နုတ်သိမ်းချိန်မှစတင်ကာ ကြက်သွန်တစ်ပိဿာ ဈေးနှုန်း ယခုအချိန်ထိ ၂၅၀ ကျပ်ဖြစ်နေကြောင်း ဦးနန်းတင်က ရှင်းပြ၍ သိရကာ ကြက်သွန်နီစိုက်ပျိုးတောင်သူများ၊ လှောင်ကြက်သွန်ဈေးနှုန်းတက်ရန် မျှော်လင့်နေကြပြီး တစ်ပိဿာ ၅၅၀ ရောင်းချရမှသာ အရင်းရှိသေးကြောင်း ဦးနန်းတင်က ထပ်မံရှင်းပြ၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)