ကြက်မောက်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

ကြက်မောက်သီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်ပါတယ်။ အရှေ့တောင်အာရှမှာ စတင်တွေ့ရှိခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကြီးအကျယ် စိုက်ပျိုးပါတယ်။

 

ကြက်မောက်သီးဟာ အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကြက်မောက်သီးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။

 

အာဟာရဓာတ်ကြွယ်ဝခြင်း

 

ကြက်မောက်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်မောက် သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ်ထိ ပါဝင်ပါတယ်။

 

ဗီတာမင် C ကြွယ်ဝတာမို့ အစာကတစ်ဆင့် ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြု ပါတယ်။ ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီး ၅ လုံးခန့် စားသုံးရင် ဗီတာမင် C တနေ့တာလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။

 

ဒါ့အပြင် ကြက်မောက်သီးမှာ မန်ဂနိစ်၊ ဖော့စဖရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့် စတဲ့သတ္တုဓာတ်တွေလည်း လိုအပ်ပါတယ်။

 

အစာကြေစေခြင်း

 

ကြက်မောက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ကြက်မောက်သီးမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံး မျှတစွာ ပါဝင်ပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များဟာ ကြေပျက်ခြင်းမရှိဘဲ အစာအိမ်အူလမ်းကြောင်းတလျှောက် ဖြတ်သန်းသွားပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အစာဟောင်းများကို အူလမ်းကြောင်းအတွင်း လွယ်ကူချောမွေ့စွာ ရွေ့လျားနိုင်စေလို့ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

 

ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များကတော့ အူလမ်းကြောင်းက အကျိုးပြု ဘက်တီးရီးယားများအတွက် အာဟာရဖြစ်စေပါတယ်။ အူလမ်းကြောင်းမှာဖြစ်ပေါ်နိုင်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။

 

ကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူပြုခြင်း

 

ကြက်မောက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေနှုန်းကို နှေးစေပါတယ်။ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကိုပေးပြီး ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို စားသုံးမှုနည်းပါးစေလို့ ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ အကူအညီပေးပါတယ်။

 

ကြက်မောက်သီးမှာ ရေဓာတ်ကောင်းစွာ ပါဝင်တာကြောင့် အစားအလွန်အကျွံ စားမိခြင်းကနေလာ်း ကာကွယ်ပေးနိုင်ပါတယ်။

 

ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးခြင်း

 

ကြက်မောက်သီးမှာ ဗီတာမင် C ကြွယ်ဝပြီး သွေးဖြူဥများ ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး ရောဂါပိုများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှေးယခင်ကတည်းက ကြက်မောက်သီးအခွံကို ရောဂါပိုးကူးစက်ခြင်းများကို ကာကွယ်တဲ့ ဆေးဝါးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

 

အခြားအကျိုးကျေးဇူးများ

 

ကြက်မောက်သီးမှာ ပါဝင်တဲ့ပစ္စည်းများဟာ ကင်ဆာဆဲလ်များ ကြီးထွားမှု၊ ပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။ သုတေသနအချို့အရ ကိုလက်စထရောနဲ့ triglyceride ကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်အာရုံခံနိုင်စွမ်းကိုလည်း မြင့်တက်စေပြီး ဆီးချိုကို ထိန်းနိုင်အောင်လည်း အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် အဆိုပါအချက်တွေကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။

 

သတိပြုရန်

 

ကြက်မောက်သီးအစေ့ဟာ အဆိပ်သင့်နိုင်ခြေရှိတယ်လို့ သုတေသီတချို့က ဆိုပါတယ်။ ဒါကြောင့် အစေ့ကို စားသုံးခြင်းတော့ မပြုသင့်ပါဘူး။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ ရေးသားသူ Aye Thi Mon