ကချင်ရိုးရာ ဂီတအနုပညာနှင့် အက

ကိုကျော်စွာ(ကျိုက်ပိ)

 

ဂီတအနုပညာဟူသည် လူမှုပတ်ဝန်းကျင်တွင် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်ပေသည်။ လူမျိုးတစ်မျိုး သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ မျိုးချစ်စိတ်ဓာတ်၊ ဘာသာတရား၊ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့သဘာဝတွေကို ထိုလူမျိုး သို့မဟုတ် ထိုနိုင်ငံ၏ အနုပညာများတွင် တွေ့မြင်နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ "နိုင်ငံတော်သီချင်း"သည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ မျိုးချစ်စိတ်ကို ဖော်ပြနေပေသည်။ ဒါ့အပြင် ပုဂံရှိအနုပညာ လက်ရာများသည် ထိုခေတ်ပုဂံပြည်၏ ခမ်းနားပုံ၊ ယဉ်ကျေးမှုအနုပညာနှင့် ပုဂံသူ ပုဂံသား တို့၏စိတ်ကို ဖော်ပြနေပေသည်။

 

အနုပညာဆိုတာဘာလဲ။ ဘယ်လိုအရာကို အနုပညာဟုခေါ်ပါသလဲ။ အနုပညာဟူသည် "အနုစိတ်သောပညာ" ဟူ၍ ကျွန်တော်ယူဆပါသည်။ မည်သည့် အနုပညာမဆို နက်နဲသည် အနုစိတ်သည်ကို တွေ့ဖူးကြပေလိမ့်မည်။ ထိုအရာမျိုးကို ဖန်တီးနိုင်ခြင်းကို ပညာဟု ကျွန်တော်ဆိုလိုချင်ပါသည်။ ဒါကြောင့် အနုစိတ်သောပညာဟု ကျွန်တော်ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုအနုပညာထဲတွင် "ပန်းဆယ်မျိုး" အပါအဝင် "ဂီတ၊ အကနှင့် ကဗျာ"လည်း ပါဝင်ပါသည်။ ယခုဆောင်းပါးတွင် ကျွန်တော်ဖော်ပြလိုသည်က ကချင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဂီတနှင့် အကကို တင်ပြသွားမည်ဖြစ်ပါသည်။

 

ကချင်လူမျိုးတို့၏ရိုးရာဂီတနှင့်အက

 

ကချင်လူမျိုးတို့၏ တေးသီချင်းနှင့်အကသည် ကချင်တိုင်းရင်းသားတို့၏ လူမှုရေးတွင် အရေးကြီးသော အခန်းမှပါဝင်သည်။ ရပ်ထဲ ရွာထဲရှိ လူပျိုများနှင့် အပျိုများ တွေ့ဆုံကြရာတွင်လည်းကောင်း၊ မင်္ဂလာပွဲများတွင် လည်းကောင်း၊ အသုဘပွဲများတွင် လည်းကောင်း၊ အိမ်သစ်တက်ပွဲများနှင့် မနောပွဲများတွင် လည်းကောင်း ဂီတနှင့် အကအခုန်တို့ ပါဝင်လျက်ရှိသည်။

 

ကချင်ရိုးရာ ဂီတတူရိယာများ

 

ကချင်လူမျိုးတို့၏ ဂီတနှင့်ဆိုင်သော တူရိယာပစ္စည်းများတွင် ဝါးဖြင့်ပြုလုပ်ထားသော နှစ်လုံးပူး ပလွေလည်း ပါဝင်သည်။ ပလွေတွင် ထူရင်၊ ပီလော့၊ ပီဆွန်၊ ပီပတ်၊ ပီမံ၊ ပီခရောင်၊ ပီလန်၊ ပီရောင်၊ ဝန်ပေါင်ဆွမ်ပီ စသည်ဖြင့် အမျိုးမျိုးရှိသည်။ ပလွေကို ဝါးဖြင့်ပြုလုပ်ပြီး ပလွေများတွင် အနည်းဆုံး အပေါက်လေးပေါက်ရှိကာ အများဆုံး အပေါက်ခြောက်ပေါက် ရှိသည်။ ထူရင်သည် ဝါးအဆစ်နှစ်ဖက် ဖြတ်ထားပြီး အလယ်တွင် အပေါက်တစ်ခုတည်းရှိသည်။ ထိုအပေါက်မှ မှုတ်ပြီး နှစ်ဖက်အစကို အဖွင့်အပိတ်လုပ်၍ အသံဖမ်းသည်။

 

ပလွေအမျိုးမျိုး ရှိသည့်အနက် ဝန်ဆောင်ဆွမ်ပီသည် စနှစ်အကျဆုံးဖြစ်သည်။ အပေါက်ခြောက်ပေါက် ရှိပြီး မည်သည့်အသံကိုမဆို တီးမှုတ်နိုင်သည်။ ဝန်ပေါင်ဆွမ်ပီကို ၁၉၅၄ ခုနှစ်ခန့်က ဗန်းမော်ခရိုင် ဘန်လွန်ရွာမှ ဦးဖော်ရွှေလဂျွန်ဆိုသူက တီထွင်ခဲ့သည်ဟု သိရသည်။ နှဲကို သစ်သားဖြင့် ပြုလုပ်ထားသည်။ အပေါက်ငါးခုရှိသည်။ တယောမှာ ယခုခေတ် တယောများနှင့်မတူပေ။ ယခုခေတ် တယောတွင်သုံးသော ဘိုးတံသည် အဖြောင့်ဖြစ်သော်လည်း ကချင်ရိုးရာ တယောဘိုးတံသည် ခပ်ကွေးကွေး သဏ္ဌာန်ရှိပြီး ဘိုးတံထိပ်မှ အောက်ဘက် သုံးပုံနှစ်ပုံခန့်ကို ကြိုးဖြင့် ဆက်ချည်ထားသည်။ တယောအိမ်သည် ကြိုးနှစ်ချောင်းရှိပြီး ဘင်ဂျိုတူရိယာနှင့်ဆင်ဆင် တူသည်။

 

“ မယ်ဒလင်တွင် သစ်သားမယ်ဒလင်နှင့် ဝါးမယ်ဒလင်ဟူ၍ နှစ်မျိုးရှိသည်။ ဝါးမယ်ဒလင်သည် ဝါးဆစ်နှစ်ဖက်ကို သားရေကျပ်၍ ကြိုးတပ်ထားသည်။ ဝါးပေါ်တွင် ယခုခေတ် ပလွေပေါက်ကဲ့သို့ အပေါက်ငယ် သုံးပေါက်ကိုလည်း တွေ့ရသည်။ မောင်းမှာ ကချင်လူမျိုးတို့အတွက် တူရိယာပစ္စည်း သက်သက်သာ မဟုတ်ဘဲ တန်ဖိုးထားသော ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ စီးပွားရေးအခြေအနေကို ထိုသူ၏အိမ်ရှိ မောင်းအရွယ်အစား အမျိုးမျိုးနှင့် အရေအတွက်ကိုကြည့်၍ အကဲဖြတ် သိနိုင်သောကြောင့်ဖြစ်သည်။ ဒါကြောင့်မို့ ကချင်လူမျိုးတို့၏ တူရိယာပစ္စည်း အချို့သည် သူတို့၏ စီးပွားရေးနှင့်ဆက်စပ်မှု ရှိပေသည်။ ။

 

ကချင်ရိုးရာတေးဂီတ

 

ကချင်ရိုးရာတေးဂီတသည် နေရာဒေသအလိုက် အမျိုးမျိုးကွဲပြားမှုရှိသည်။ မိမိတို့ ဒေသတွင် ထင်းခွေရင်း၊ ရေခပ်ရင်း၊ ရက်ကန်း ရက်ရင်း၊ ဆန်ဖွပ်ရင်း၊ တောင်ယာခုတ်ရင်း အမျိုးသမီးများ သီဆိုလေ့ရှိသော သီချင်းများဖြစ်၍ တစ်နေရာနှင့်တစ်နေရာ သီချင်းစာသားချင်း မတူညီသော်လည်း တေးသွားများမှာမူ အတူတူဖြစ်သည်ဟု ထင်ရပေသည်။ ခေတ်အစားဆုံး တေးသီချင်းမျိုးမှာ လူပျို၊ အပျိုလှည့်ရင်း သီဆိုသော တေးသီချင်းများ ဖြစ်ကြသည်။ များသောအားဖြင့် တစ်ယောက်က အသံတိုင်ပြီး အများကလိုက်ဆိုရသော သီချင်းမျိုးဖြစ်သည်။

 

ဒါ့အပြင် တစ်ယောက်တည်းသီဆိုသော ချစ်ခြင်းမေတ္တာဖွဲ့ သီချင်းများနှင့် တော၊ တောင်ရေမြေဖွဲ့ တေးကဗျာများလည်းရှိသည်။ ဥပမာအားဖြင့် လူပျိုကာလသားက အပျိုရှိရာအရပ်ကို မတွေ့တွေ့အောင် ရှာဖွေလာခဲ့ရပုံကို အနီးစပ်ဆုံး မြန်မာဘာသာဖြင့် အဓိပ္ပာယ် ဖော်ရသော် အောက်ပါအတိုင်းဖြစ်သည် -

 

"အပျိုစုရာ ကြိမ်ခွေစုတယ်၊ လူပျိုစုရာ ဓားလွယ်စုတယ်၊ တောင်ယာမှာကွယ် သီးနှံစားမယ်၊ အပျိုကိုလည်း လိုက်ရှာတော့မယ်။ သီးနှံတွေက ပေါတယ်ပေါတယ်၊ အပျိုကိုတော့ ရှာမတွေ့တယ်၊ အပျိုရှိတဲ့ နေရာဟာကွယ်၊ တောင်ယာတောနဲ့ ရွာသာယာရယ်" ဟူ၍ ဖြစ်သည်။ ။

 

ဒါ့အပြင် လူပျိုက အပျိုရှိရာအရပ်ကို ရောက်ခဲ့ပုံ၊ ထို့နောက် အပျိုခန်းကိုဝင်ဖို့ စောင့်နေရာ လေတိုက်လာသဖြင့် ချမ်းလှပုံကို "လေပြင်းရယ်ထန်၊ ငွေနှင်းရယ် ခြုံကာလွှမ်းပါလို့၊ ခိုက်ခိုက်တုန်ချမ်း။ ဖြုတ်၊ ခြင်တွေပေါလှတယ်၊ ချောနှမသိင်္ဂီရယ်၊ မောင်ဝင်ချင်ပြီကွဲ မယ့်စက်ခန်း" စသည့် အဓိပ္ပာယ်မျိုးရှိသောတေးကို ဟစ်အော်သီဆိုလေ့ရှိသည်။ ကချင်တိုင်းရင်းသားများသည် ဂီတအနုပညာ ရသကို လေးနက်စွာ ခံစားတတ်ကြသူများဖြစ်သည်။

 

ထို့ကြောင့်ရသခံစားရာတွင် သူတစ်ပါးဖျော်ဖြေခြင်းကို ခံစားသည်ထက် ကိုယ်တိုင်တီး၍ ခံစားလေ့ရှိကြသည်။ မည်သည့်အရာကိုမဆို တေးသီချင်းဖွဲ့ သီဆိုတတ်ကြသည်။

 

ကချင်ရိုးရာအက

 

ကချင်လူမျိုးတို့တွင် တစ်ဦးချင်း တစ်ပင်တိုင် ကနည်းကဟန်များ မရှိပေ။ မင်းသမီး မင်းသားစုံတွဲကသော နှစ်ပါးသွား အကမျိုး သို့မဟုတ် လေးယောက်၊ ရှစ်ယောက်၊ တစ်ဆယ့်ခြောက်ယောက် စသည်ဖြင့် အဖွဲ့လိုက် ညီညီညာညာ ကပြရသော ယိမ်းအကမျိုးလည်း မရှိပေ။ သမားရိုးကျ ကနည်းမှာ အကန့်အသတ်မရှိ ဝိုင်းကြီးဖွဲ့၍ ကရသော ကနည်းမျိုးသာဖြစ်သည်။ သို့ရာတွင် ရှေ့မှ ဦးဆောင်ကသူ၏ ခြေကြွပုံ၊ ခြေလှမ်းပုံ၊ ခြေချပုံကို ကျန်လူများက ကြည့်၍ ကပြခြင်းသာဖြစ်သည်။ ကချင်လူမျိုးများသည် ရိုးရာအကများကို အနုပညာအဖြစ် သဘော ထားကြသည်။ အခမ်းအနားများတွင် ကပွဲပါမှ ပြည့်စုံသည်ဟု ယူဆကြလေသည်။

 

ကချင်လူမျိုးတို့၏ ဝိုင်းဖွဲ့ ကရသော အကမျိုးမှာ လွယ်ကူသည်တော့ မဟုတ်ပေ။ ခြေကြွပုံ၊ ခြေလှမ်းပုံ၊ ခြေချပုံတို့မှာ ကကြိုး တစ်ခုနှင့်တစ်ခု မတူပေ။ လေ့ကျင့်မှုမရှိပါက စည်းဝါးကိုက်အောင် ခြေလှမ်းမှန်အောင် ကနိုင်မည် မဟုတ်ချေ။ ဝိုင်းဖွဲ့ကရသော အကမျိုးမှာလည်း များသောအားဖြင့် ဘာသာရေးနှင့် ဆက်စပ်လျက်ရှိပေသည်။ များသောအားဖြင့်တော့ ကချင်လူမျိုးတို့၏ အကအမျိုးမျိုးတွင် ဘာသာရေးဆိုင်ရာနှင့် ဆက်နွှယ်သော အကများသာဖြစ်သည်။ ကချင်လူမျိုးတို့သည် ဘာသာရေးနှင့် အကဆက်စပ်လျက်ရှိပေသည်။

 

ထင်ရှားသောအကမှာ မနောပွဲတွင် ကသော မနောအကပင်ဖြစ်သည်။ မနောအကကို ကွင်းဆန့်သမျှ လူထောင်နှင့်ချီ၍ ကနိုင်သည်။ လူကြီး လူငယ်မရွေးဝင်၍ ကနိုင်သည်။ စုပေါင်းကရသော အကဖြစ်၍ မနောကွင်းကိုမျက်နှာမူပြီး လက်ယာရစ်လှည့်ကရာ ခေါင်းဆောင်၏ ကဟန်အတိုင်း နောက်ပါလူများက ကသွားရသည်။ မူလမနောအကမှာ ငှက်များမြူးထူးပုံကို အတုယူ၍ ကပြသောကြောင့် မနောကသူတိုင်း ယပ်တောင်တစ်ခုစီကိုင်၍ ယပ်တောင်ကို ဒေါင်းမြီးသဏ္ဌာန်တု၍ ထားရသည်။

 

အထူးသဖြင့် ကကြိုးကကွက်များမှာ မနောပွဲပြုလုပ်ရန် စတင်ဆောင်ရွက်ပုံကို သရုပ်ဖော်အကဖြစ်သည်။ အကများတွင် မြင်းစီးဟန်သရုပ်ဖော်အက၊ တောင်ယာမှ ကျောက်ဖရုံသီးခူးလာပုံ သရုပ်ဖော်အက၊ နတ်ပွဲများတွင် ငါးရှာကွန်ပစ်ဟန် သရုပ်ဖော်အက၊ ဆေးငုံရန်အတွက် ဆေးများဝေပေးဟန် သရုပ်ဖော်အက၊ အောက်ချင်းငှက်ဟန်အကနှင့် ကျွဲရှာဟန် သရုပ်ဖော်အကများပင် ဖြစ်သည်။ ဒါ့အပြင် သီးသန့်အကဖြစ်သော မနောဆရာများအက၊ မနောအလှူရှင်များအက၊ မနောအိမ်ရှင် မိသားစုအကနှင့် မနောပွဲတွင် ချက်ပြုတ်လုပ်ကိုင်သူများ အကဟူ၍ အမျိုးမျိုး ရှိပြန်သည်။

 

လော်ဝေါ်လူမျိုးအကနှင့် ရဝမ်လူမျိုးအက

 

ကခုန်ရာတွင် တူရိယာသံစဉ်ကိုလိုက်၍ စည်းချက်ညီညီ ပြတ်တောက်ပြတ်တောက် ကခုန်ကြရသည်။ ကချင်လူမျိုးများ၏ မနောအကများတွင် ခင်ဒူတက်မနာခေါ် လိပ်ပြာ မနောအကသည် ထင်ရှား၏။ လိပ်ပြာငယ် တစ်မျိုး၏ ပျံပုံကိုအတုယူ၍ ကခုန်ခြင်းဖြစ်သည်။ ယင်းအကကို ယခုအခါတွင် လော်ဝေါ် မျိုးနွယ်စုနှင့် ရဝမ်မျိုးနွယ်စုတို့က ကျွမ်းကျင်ပိုင်နိုင်စွာ ကတတ်ကြသည်။ လော်ဝေါ်မျိုးနွယ်စုတို့၏ ရိုးရာအကမှာ ခုနှစ်မျိုးရှိပေသည်။ ဇမ်ဂေါအက၊ ဂျီဂေါ်အက၊ လော်ထောင်အက၊ ဂဘန့်ဂေါအက၊ တန်ဂေါအက၊ ဂျော်ကောင်ဂေါ အက၊ ဆမ်းဝှေ့အကတို့ပဲ ဖြစ်ပါတယ်။

 

ရဝမ်လူမျိုးများ၏ ရိုးရာအကမှာ ရှစ်မျိုးရှိသည်။ ယင်းတို့မှာ အဇူးလန်အက၊ ဖလုံအက၊ ဇိုင်ဝါးအက၊ မဇန်းအက၊ ဘုံလွတ် အက၊ ရွံ့လူးအက၊ ဖမားအဇူးလန်အက၊ ခေတ်ပေါ်အကတို့ ဖြစ်သည်။ ကချင်လူမျိုးများသည် အကတွင် ခြေကိုသာ အဓိကအသုံးပြုကြသည်။ ကကွက်ကိုလည်း ခြေဖြင့်သာ အကွက်ဖော်ကြသည်။ ခန္ဓာကိုယ်ယိမ်းနွဲ့ လှုပ်ရှားမှုနှင့် လက်အနေအထားသည် ခြေကွက်ပေါ် မူတည်သည်။

 

အချုပ်အားဖြင့်ဆိုရသော် ကချင်လူမျိုးများသည် အနုပညာကို သင်ကြားရန်မလိုဘဲ အတုမြင် အတတ်သင် သဘောဖြင့်သာ ဆည်းပူးတတ်မြောက်သည်ဟု ယူဆကြသည်။ လူ့ဘဝတွင် သာယာပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းများ ပြေပျောက်ရန် အနုပညာဖြင့် ဖြေဖျောက်တတ်ကြသည်။ စိတ်ဓာတ် ခွန်အားများကို အနုပညာဖြင့် ဖြည့်တင်းတတ် ကြသည်။ တချို့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေနှင့်ပါ ဆက်နွှယ်နေပြန်သည်။ ဒါကြောင့်မို့ ဂီတနှင့်အကမှ မဟုတ်ပေ အခြားသော အနုပညာများသည်လည်း မရှိမဖြစ် လိုအပ်သလို လူမျိုးစုတစ်စု၊ နိုင်ငံတစ်နိုင်ငံအတွက် အနုပညာသည် အမြုတေ ရတနာတစ်ပါးပင် ဖြစ်သည်။ ယခုမူ ကချင်လူမျိုးများသည်လည်း ဂီတနှင့်အက အလှရတနာများစွာကို ပိုင်ဆိုင်ထားသည်ဟူ၍သာ ဆိုချင်ပါတော့သည်။

 

ကိုးကား

 - ကချင်ရိုးရာအဆင်တန်ဆာဒီဇိုင်းများ (မအိအိမော်-ယဉ်ကျေးမှု)

- ကချင်တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ