ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်စားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အခြားအချိန်တွေထက် အစစအရာရာကို သတိထားကြတယ်ဟုတ်။ ဒါက ကိုယ်ဝန်ဆောင် မေမေတိုင်း လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။ ဒါလေးက ငါကြိုက်တယ်ဆိုပေမယ့် စားလိုက်ရင် ဗိုက်ထဲက ကလေးအတွက် အဆင်ပြေပါ့မလားဆိုတာက ကိုယ်ဝန်ဆောင် တလျှောက်လုံးမှာ မေမေတို့ရဲ့ အတွေးကို အစိုးမိုး ထားနိုင်ဆုံးအရာပေါ့။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်ကြိုက်တဲ့ လေဒီဗိုက်လေးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်လို့ဖြစ်လားဆိုတဲ့ အကြောင်းလေး ပြောပြပေးပါရစေ။

 

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်လို့ဖြစ်လား

 

ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်လို့ရပါတယ်။ ဒိန်ချဉ်က ပရိုတင်းကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ဘက်တီးရီးယားတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ ဒိန်ချဉ်သောက်သုံး မယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာအမှန်ပါ။ ဒါတွေအပြင် ဒိန်ချဉ်သောက်သုံးပေးတာက

 

အစာကြေစေနိုင်တယ်

 

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက် အူလမ်းကြောင်း တလေဆာက်မျာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။ အူနံရံကို အာဟာရစုပ်ယူမှုကောင်းစေပြီး အစာကြေလွယ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

 

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်

အစပ်တစ်ခုခုစားတဲ့အခါတိုင်း ဒိန်ချဉ်နည်းနည်းစားပေးပါ။ ဒီလိုစားပေးတာက ငရုတ်သီးကြောင့် အစာခြေအက်ဆစ်တွေအထွက်များတာ၊ ရင်ပူတာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာ လေဒီလေးအများစုက အစပ်တွေအချဉ်တွေကို ချဉ်ချင်းတက်တတ်ကြပါတယ်။ ဒီလိုစားသုံးမှု တွေကြောင့် ခန္ဓာကိုယ်အပူချိန်တိုးလာတာမျိုး မဖြစ်စေဖို့ဆိုရင် ဒိန်ချဉ်လေးစားပေးလို့ရပါတယ်။

 

ကယ်လ်ဆီယမ် ကြွယ်ဝတယ်

 

ဒိန်ချဉ်မှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လလ်ဆီယမ်က သန္ဓေသားရဲ့ အရိုးနဲ့ သွားတွေဖွံ့ဖြိုးမှုအတွက် တော်တော်လေး အရေးပါပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြီးထွား ဖွံ့ဖြိုးမှုတွေ အတွက်လည်း အကောင်းဆုံးအားဖြည့် ပေးပါတယ်။ ကယ်လ်ဆီယမ်ရဲ့ နောက်ထပ်တာဝန်တစ်ရပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို အကောင်းဆုံး စုပ်ယူနိုင်စေတာပါ။

 

ကိုယ်ခံအား ကောင်းစေတယ်

 

ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားပါဝင်တာကြောင့် အစာအိမ်ပြဿနာကင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အူတွင်းမှာ အကျိုးပြုဘက်တီးရီးယား အရေအတွက်တိုးစေတာကြောင့် အစာချေဖျက်မှုကို ကောင်းစေပြီး အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝစုပ်ယူစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက်နည်းနေတတ်တာကြောင့် ဖျားနာမှုကင်းစေဖို့ဆိုရင် ဒိန်ချဉ်စားပေးလို့ ရပါတယ်။

 

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

 

သွေးတိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီတော်တော်များများခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကမေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒိန်ချဉ်သောက်သုံးပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ နောက်တစ်ခုက ဒိန်ချဉ်သောက်တာက သွေးတွင်းကို လက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင် ပါတယ်။

 

စိတ်ဖိစီးမှု ပြေလျော့စေတယ်

 

ကိုယ်ဝန်ဆောင်လေဒီတော်တော်များများက စိတ်ဖိစီးမှုကို ခံစားရလေ့ရှိပါတယ်။ ဒိန်ချဉ်က စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုကို သက်သာစေနိုင်ပြီး ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြု နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေ မဖြစ်စေဖို့အတွက် ဒိန်ချဉ် စားပေးလို့ရပါတယ်။

 

အသားမခြောက်အောင် ကာကွယ်ပေးတယ်

 

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားခြောက်တာ၊ အသားအရောင် ပြောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒိန်ချဉ်မှာက ဗီတာမင် E ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားခြောက်တာ၊ အသားအရောင်မညီတာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

 

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

 

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးတာက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ ဒါပေမယ့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များသွားမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာတွေရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်ပေးတာက ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ ကော်တီစော ဟော်မုန်းတွေ တိုးမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကြွက်သားတွေ ကျန်းမာစေနိုင်တယ်

 

ဒိန်ချဉ်မှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပြီး ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ကြွက်သားတွေ သန်မာစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ် ကလည်း ဒိန်ချဉ်မှာ ကြွယ်ဝစွာပါဝင်နေပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်

 

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာက ကိုယ်ဝန်ဆောင်မေမေတော်တော်များများ ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ခုပါ။ ဒီပြဿနာကို ကင်းချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ် သောက်ပေးဖို့လိုပါမယ်။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”