ကြိုတင်မျှော်တွေး စီမံဆောင်ရွက်

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံများကို ကမ္ဘာ့မြေပုံ ပေါ်တွင် အနီရောင်ဖြင့်ပြသထားရာ တစ်ကမ္ဘာလုံး နီနေသည်။ ကူးစက်ရောဂါတစ်ခု ပေါ်ပေါက်လာမည်ကို သော်လည်းကောင်း၊ ၎င်းကူးစက်ရောဂါသည် ကမ္ဘာ့နိုင်ငံများအားလုံးဆီသို့ လျင်လျင် မြန်မြန် ကူးစက်သွားမည်ကို သော်လည်းကောင်း မည်သည့် ပုဂ္ဂိုလ်ကမျှ ကြိုတင်မျှော်မှန်းမိကြမည်မဟုတ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် စတင်ပေါ်ထွက်လာသည့်အချိန်တွင်ပင် ကမ္ဘာကြီးတစ်ခုလုံး ပုံမှန်အတိုင်းလည်ပတ်ကာ အေးမြသည့်ဆောင်းနှင့်အတူ နှစ်သစ်ဆီသို့ ကူးပြောင်းခဲ့သည်။ နောက်လာမည့် လအနည်းငယ်အတွင်း ကူးစက်မြန်ကပ်ရောဂါတစ်ခုသည် မိမိတို့ရှေ့မှောက်သို့ မြန်မြန်ဆန်ဆန်၊ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်ထားကြမည် မဟုတ်ပေ။

စင်စစ်အားဖြင့် ကြိုတင်ခန့်မှန်းမှုဆိုသည်မှာလည်း အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလတို့မှ အချက်အလက်များကို အခြေခံ၍ ခွဲခြမ်းစိတ်ဖြာကာ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများကို ခန့်မှန်းတွက်ဆကြရသည့် သဘောရှိသည်။ ကိုဗစ်-၁၉ ကဲ့သို့သော ယခင်က ကမ္ဘာပေါ်တွင် ရှိခဲ့ဖူးသေးသည့် ရောဂါပိုးမွှားတစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး လူ့ခန္ဓာကိုယ်ကို အမှီသဟဲပြု၍ လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှု ဆက်ဆံမှုများမှတစ်ဆင့် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ရုတ်တရက်တိုက်ခိုက်လာသောအခါ အားလုံးအငိုက်မိခံကြရပြီး ကမ္ဘာတစ်ခွင် ဝရုန်းသုန်းကား အဖြစ်အပျက်များနှင့် ရင်ဆိုင်ကြရသည်။ လက်ရှိ အခြေအနေတွင်မူ နိုင်ငံတိုင်းရှိ လူ့အဖွဲ့အစည်းတိုင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို ဦးစားပေး၍ ရှိသမျှ အရင်းအမြစ်များကို ပုံအောကာ တိုက်ပွဲဝင်နေကြရသလို ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ပြန်လည် ထူထောင်ရေးတို့အတွက် ကြိုတင်တွေး ဆောင်ရွက်နေကြရသည်ကို တွေ့မြင်နေရသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို တစ်မျိုးသားလုံး၏ စုပေါင်းအင်အားဖြင့် ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲလျက်ရှိသလို အောင်မြင်မှုများ ရရှိမည်ဟူ၍လည်း ယုံကြည်သည်။ တစ်မျိုးသားလုံး၏ စုပေါင်းအင်အားသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုတွင်သာမက ကိုဗစ်-အလွန် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးတို့ ပြန်လည်ဦးမော့ တည်ငြိမ်ရေးတို့အထိ ဆက်လက်ဆောင်ကြဉ်း သွားနိုင်မည်ဟူ၍လည်း ရှုမျှော်မိသည်။

တစ်ဖက်တွင်လည်း လက်ရှိကာလသည် မိမိတို့နိုင်ငံအတွက် မိုးကြိုကာလဖြစ်သည်ကို မမေ့မလျော့ရှိဖို့ လိုအပ်မည်ဖြစ်သည်။ နိုင်ငံ၏ဒေသအသီးသီးတွင် နေ့အပူချိန်များ မြင့်မားနေမှုနှင့်အတူ မိုးကြိုကာလ၏ သဘာဝအတိုင်း လေထုမငြိမ်မသက်ဖြစ်ခြင်း၊လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်လက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ နေရာက်ကျား မိုးထစ်ချုန်းရွာခြင်းနှင့် မိုးကြိုကာလမုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊ မုန်တိုင်းမိုးနှင့်အတူ ဖြစ်ပေါ်လေ့ရှိသည့် တောင်ကျရေ ကျဆင်းခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြို၊ တောင်ပြိုခြင်း စသည်တို့မှာ မိုးကြိုကာလများတွင် ဖြစ်ပေါ်လေ့ရှိသော ရာသီဥတုဖြစ်စဉ်များ ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်များလည်း ဖြစ်သည်။ ကူးစက်ရောဂါ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဆောင်ရွက်နေစဉ်မှာပင် နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည့် ရာသီဥတုဆိုင်ရာ သဘာဝဘေးကိုပါ မမေ့မလျော့ ထည့်သွင်းစဉ်းစားရန် ကြိုတင်မျှော်တွေးစီမံကြရန် ပင်ဖြစ်သည်။

ကူးစက်ရောဂါသည် လည်းကောင်း၊ လွန်ကဲရာသီဥတုဖြစ်စဉ် များသည် လည်းကောင်း သဘာဝဘေးအန္တရာယ်များပင်ဖြစ်ပြီး ကြိုတင်မျှော်တွေးကာ စီမံခန့်ခွဲခြင်းအားဖြင့် ထိခိုက်ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သည်သာဖြစ်သည်။ မည်သို့သောဘေးအန္တရာယ်မျိုးကိုမဆို ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကိုရယူကာ စုပေါင်းအင်အားဖြင့် အနိုင်ယူ နိုင်မည်သာ ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း