ကိုရိုနာနှင့် မျက်စိ

ကိုဗစ် -၁၉ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပညာပေးဆောင်းပါးတွေ၊ ခုခံကာကွယ်တိုက်ဖျက်ရေးတွေ၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အရေးတွေကို သတင်းစာ၊ ဂျာနယ်၊ တီဗီချန်နယ်တွေနဲ့ အသံလွှင့်မီဒီယာတွေကနေ နေ့စဉ်နဲ့အမျှ ပညာပေးဖြန့်ဝေနေကြတာ အားရစရာ ကောင်းလှပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ၊ ဘယ်သူတွေကနေ ကူးစက်ပြန့်ပွားစေတာလဲ၊ ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ကာကွယ်ကြမလဲ၊ ကွာရန်တင်းဆိုတာ ဘာလဲ စတဲ့အသိပညာပေးဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ၊ အင်တာဗျူးတွေကိုလည်း စဉ်ဆက်မပြတ် ကြည့်ရှုနေကြရတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားတဲ့ မိန့်ခွန်းစကားတွေ၊ လက်တွေ့နယ်ပယ်ထဲက ပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံမေးမြန်း၊ လက်ငင်းအကောင်အထည်ဖော် ဖြည့်ဆည်းပံ့ပိုးပေးမှုတွေ၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိမိအသက်ကို မငဲ့ကွက်၊ ရှေ့တန်းတိုက်စစ်မှာ တက်ညီလက်ညီ အားသွန်ခွန်စိုက်တိုက်ပွဲဝင်နေကြတာတွေက အားရစရာကောင်းလှတယ်။ ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် လက်ဆေးရမယ်၊ နှာခေါင်းစည်း တပ်ရမယ်၊ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ စားရမယ်။ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရဘူး၊ အတတ်နိုင်ဆုံးအိမ်ထဲမှာပဲနေရမယ် စတဲ့သတိပေးချက်တွေကို ကလေးကစ အဘိုးအဘွားတိုင် သိရှိနားလည် လိုက်နာနေကြပါတယ်။

တရားဝင်ပြောကြား 

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှာ မျက်စိဟာ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်နေသလဲ၊ မျက်စိနဲ့ ကိုရိုနာမှာ ဆက်စပ်ပတ်သက်နိုင်ပါသလားဆိုတဲ့ မေးခွန်းကအရေးကြီးပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါကိုမပြန့်ပွားစေဖို့နဲ့ ရောဂါကာကွယ်တားဆီးရေးမှာ မျက်စိဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဆိုတာကို ဆေးပညာရှင်တွေက တရားဝင်ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်မှာပဲ မျက်စိရောဂါနဲ့ပတ်သက်ပြီး ယာယီလမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေမှ မဟုတ်ရင် မျက်စိဆေးခန်း၊ ဆေးရုံတွေဆီလာရောက်မပြသကြဖို့၊ မျက်စိဟာနီရဲမယ်၊ ကိုက်ခဲမယ်။ ရုတ်တရက် အမြင်အာရုံ ကွယ်သွားတယ်ဆိုရင် ဒါမှမဟုတ် မျက်စိကို ထိခိုက် ဒဏ်ရာရခဲ့မယ်ဆိုတဲ့ အရေးပေါ်အခြေအနေမျိုးမှသာ လာရောက်ပြသကြဖို့ဆိုတဲ့ ညွှန်ကြားချက်ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာမှာရှိတဲ့ မျက်စိရောဂါပညာစင်တာ (အိုင်စီအာရ်)ကတော့ ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်မြှေးရောင် မျက်စိနာ ရောဂါကိုဖြစ်စေတယ်၊ လေထုထဲမှာရှိနေတဲ့ ရောဂါပိုးကို သယ်ဆောင်ထားတဲ့ အမှုန်အမွှားတွေက မျက်မြှေးပါးအလွှာကို ကပ်ငြိထိတွေ့မှုကြောင့် ပင့်ခ်အိုင်း (Pink Eye) လို့ခေါ်တဲ့ မျက်မြှေးရောင်ခြင်း ဖြစ်ရတယ်။ ဒါကြောင့် မျက်မြှေးရောင်မျက်စိနာရောဂါဟာ ကိုဗစ်-၁၉ ရဲ့ အဓိကရောဂါလက္ခဏာမဟုတ်ပေမယ့် သတိထားဖို့ လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာလက္ခဏာနဲ့ ဖျားနာပြီး ရောက်လာတဲ့လူနာဆိုရင် သတိထားရမယ်။ ရောဂါဖြစ်ပွားရာနိုင်ငံက ပြန်ရောက်လာသူ (သို့မဟုတ်) ပြန်ရောက်လာသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ မိသားစုဝင်တွေကို ကုသမှုပေးရတော့မယ်ဆိုရင် မိမိတို့ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိထိမိမိကာကွယ်ထားရမယ်ဆိုပြီး နှိုးဆော်ထားပါတယ်။

ဓာတ်မတည့်ခြင်းနဲ့လည်း ဆက်စပ်နေ

သာမန်မျက်မြှေးရောင် မျက်စိနာရောဂါဆိုတာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်ဂိုင်၊ ကလမိုင်ဒီးယားဆိုတဲ့ ပိုးတွေကြောင့်ဖြစ်ရပြီး ဓာတ်မတည့်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ မျက်မြှေးရောင်မျက်စိနာရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတဲ့ မျက်မြှေးရောင်ရောဂါကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေနဲ့ အတူတွဲပြီးတွေ့ရတတ်ပါတယ်။

ကိုယ်အနည်းငယ်ပူပြီး မအီမသာဖြစ်မယ်၊ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်မယ်၊ တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေနဲ့ အတူ လည်ပင်းနဲ့ မေးရိုးအောက်ဝန်းကျင်မှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းမယ်စတဲ့ လက္ခဏာတွေနဲ့ လာတတ်ကြတယ်။ မျက်စိနာပြီဆိုရင် မျက်စိနှစ်ဖက်စလုံး တစ်ပြိုင်နက်ဖြစ်တတ်သလို တစ်ခါတစ်ရံ တစ်ဖက်တည်းမှာ စတင်ခံစားရပြီး တစ်ရက်၊ နှစ်ရက်ကြာမှ နောက်တစ်ဖက်ကို ကူးသွားတတ်ပါတယ်။ လူတစ်ဦးမှတစ်ဦးကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။

မျက်မြှေးရောင်မျက်စိနာဖြစ်ရင် မျက်စိနီမယ်၊ မျက်ရည်ကျမယ်၊ ခိုးလိုးခုလုနေမယ်၊ မနက်အိပ်ရာအထမှာ မျက်ဝတ်တွေနဲ့ ပိတ်ပြီး မျက်ခွံတွေ ပူးကပ်နေတတ်တယ်။ မျက်ခွံရဲ့ အတွင်းပိုင်းနဲ့ မျက်ခမ်းသားတစ်လျှောက်မှာ အမြှေးပါး အလွှာတစ်ခုက ဖုံးအုပ်နေပြီး မျက်ခွံတွေလည်း ရောင်ရမ်းလာပါတယ်။

မြူးကပ်စ် မမ်ဘရေးန် (Mucous membrane) လို့ ခေါ်တဲ့ အမြှေးပါးအလွှာဟာဆိုရင် အင်မတန်မှုနယ်ပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေအနက်မှာ အတွင်းပိုင်းကျတဲ့ ဂူတွင်းလို၊ ချိုင့်လိုနေရာတွေမှာ ရှိပါတယ်။ ဥပမာ -နှာခေါင်းရဲ့ အတွင်းပိုင်း၊ ပါးစပ်ရဲ့ အတွင်းသွားဖုံးနဲ့ အာခေါင်ပိုင်း၊ မျက်စိရဲ့ မျက်မြှေးပါးတွေမှာ ရှိပါတယ်။ ထိလွယ်ရှလွယ်ပါတယ်။ ဓာတ်မတည့်တဲ့ ဆေးတစ်မျိုးမျိုးကို သောက်မိရင်ဖြစ်စေ၊ ထိုးလိုက်မိရင်ဖြစ်စေ အဲဒီအမြှေးပါးအလွှာရှိတဲ့ နေရာတွေက အရင်ဆုံးထိခိုက်ပျက်စီးရပါတယ်။

မျက်မှန်တပ်ပြီး ကာကွယ်ရမှာဖြစ် ဒါကြောင့် သာမန်အချိန်မျိုးမှာပဲဖြစ်ဖြစ် ဆပ်ပြာနဲ့လက်ကို သေချာဆေးကြောမထားရင်၊ ရောဂါပိုးရှိသူနဲ့ ထိစပ်ကိုင်တွယ်ထားမိရင် မျက်စိရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ရယ်က ကူးစက်ဖို့ အခွင့်အလမ်းများလှပါတယ်။ ယနေ့ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နေရာမှာ နှာခေါင်းစည်းတပ်ခြင်းဖြင့် နှာခေါင်းနဲ့ပါးစပ်ကို ကာကွယ်ထားကြသလို မျက်စိကိုလည်း မျက်မှန်တပ်ပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။

ကာကွယ်တဲ့နေရာမှာ လူနာအပိုင်းနဲ့ ဆရာဝန်အပိုင်း ဆိုပြီး ခွဲခြားရပါတယ်။

လူနာတွေကို ဆေးခန်းထဲဝင်မလာခင် လက်ဆေးခိုင်း ရပါမယ်။ ဖြစ်နိုင်ရင် အပြင်ကစီးလာတဲ့ ဖိနပ်ကို ချွတ်ရ ပါမယ်။ တတ်နိုင်ရင်တော့ ဖိနပ်အပေါ်က စွပ်ရတဲ့ တစ်ခါသုံး ခြေစွပ်ကို သုံးပေးရပါမယ်။ လူနာကိုယ်တိုင်က နှာစေး၊ ချောင်းဆိုးနေမယ်ဆိုရင် နှာခေါင်းစည်းတပ်ထားရပါမယ်။

ဆရာဝန်အပိုင်းမှာလည်း လူနာတစ်ယောက် ကြည့်ပြီးတိုင်း လက်ဆေးရပါမယ်။ ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် ပက်သိုဂျင် (Pathogen) တွေကို သေစေဖို့ ပိုးသတ်ဆေး၊ အရက်ပြန်ကို သုံးရပါမယ်။ ခွဲစိတ်ခန်းအတွင်း စနစ်တကျ ပိုးသန့်စင်ရုံတင်မကဘဲ ခွဲစိတ်ကိရိယာတွေ ကိုလည်း ပိုးသတ်ဆေးနဲ့ စိမ်ထားပြီး စံချိန်စံညွှန်းနဲ့ကိုက်ညီ စေရပါမယ်။

မျက်စိဆရာဝန်တစ်ယောက်အတွက် အရေးကြီးတာက လူနာရဲ့ မျက်စိကို အသေးစိတ်ကြည့်ရှုစစ်ဆေးရတဲ့အခါ SLE ခေါ်တဲ့ မှန်ဘီလူးစက်ကို အသုံးပြုရပါတယ်။ အဲဒီစက်နဲ့ ကြည့်မယ်ဆိုရင် ဆရာဝန်ရဲ့ မျက်နှာဟာ လူနာရဲ့ မျက်နှာနဲ့ လက်မအနည်းငယ်ပဲ ကွာဝေးပါတယ်။
တိုက်ရိုက်ဝင်သွားနိုင် လူနာရဲ့ မျက်စိကို ကြည့်ဖို့အတွက် စက်ရဲ့ မေးစေ့ တင်တဲ့နေရာမှာ လူနာရဲ့မေးစေ့ကိုတင် နဖူးတန်းကာထားတဲ့ နေရာထိအောင် လူနာရဲ့နဖူးကပ်ထားခိုင်းပြီး ဆရာဝန်က မှန်ဘီလူးဝိုင်းနှစ်ခုမှာ သူ့မျက်စိကိုကပ်ပြီး လူနာရဲ့ မျက်စိကို သေချာကြည့်ရှုစစ်ဆေးရပါတယ်။ လူနာဆီက ရှူသွင်းရှူထုတ်တဲ့လေဟာ ကြည့်ရှုနေသူ ဆရာဝန်ရဲ့ နှာခေါင်းနဲ့ပါးစပ်ထဲကို တိုက်ရိုက်ဝင်သွား နိုင်ပါတယ်။

ဒါကြောင့် လူနာနဲ့ဆရာဝန်ကြားမှာ ပလတ်စတစ် အထူသားကတ်ပြားလေးတွေနဲ့ ခြားထားပေးရပါတယ်။ အခုဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတိုင်းကို ဆေးကုမ္ပဏီ တွေကနေလာပြီး တပ်ဆင်ပေးထားကြပါတယ်။ လူနာရော ဆရာဝန်ပါ နှာခေါင်းစည်းတပ်ထားမယ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။

အရေးပေါ်မှာ တာဝန်ကျတဲ့ ဆရာဝန်လေးတွေဆိုရင်လည်း လူနာနဲ့ပထမဆုံးထိတွေ့ကိုင်တွယ်ရတာဖြစ်လို့ ပိုပြီး အရေးကြီးပါတယ်။ နှာခေါင်းစည်း၊ မျက်မှန်၊ တစ်ခါသုံး ဦးထုပ် (ဆံပင်ကို သေသပ်စွာထုံးဖွဲ့ပြီး)၊ လက်အိတ်၊ အေပရွန်၊ ဂျူတီကုတ်၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများကို လိုသလို ကြိုတင်ဝတ်ဆင်ထားဖို့ လိုပါတယ်။

ဘယ်လိုလူနာမျိုးလာလာ ကိုယ့်ဘက်က မလိုအောင် အပြည့်အဝကာကွယ်ထားဖို့လိုပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်ကစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တွေ့နေကျဗိုင်းရပ်စ်တစ်ခု ဖြစ်ပါတယ်။ ရောဂါပိုးတချို့ဟာ တိရစ္ဆာန်တွေဖြစ်တဲ့ လင်းနို့၊ ကြောင်၊ ကုလားအုတ်၊ ကျွဲ၊ နွားတွေကို ကူးစက်နိုင်ပြီး တချို့ကတော့ လူတွေကို ကူးစက်နိုင်တယ်လို့ အမေရိကန်အမျိုးသားကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။

ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကြောင့် အနည်းဆုံးနှာစေး၊ ချောင်းဆိုးဖြစ်မယ်၊ ဒီထက်ဆိုးရင် လေပြွန်ရောင်ရမ်းခြင်း၊ နမိုးနီးယားနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး အဆိုးဆုံးကတော့ အသက်သေဆုံးနိုင်တာ ဖြစ်ပါတယ်။ နံပါတ်(၇) ကြိမ်မြောက် ဗိုင်းရပ်စ်ဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာ (CDC) က ဆိုပါတယ်။

မျက်စိနဲ့ဆက်စပ်နေတဲ့ အကြောင်းအချက်

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မျက်စိနဲ့ဆက်စပ်နေတဲ့ အကြောင်းအချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် ပီကင်းတက္ကသိုလ်မှ သမားတော်တစ်ဦးက ရောဂါပိုးရှိလူနာတွေကို ကုသမှုပေးနေစဉ်မှာ သူ့ရဲ့မျက်စိကို အကာအကွယ်မလုပ်မိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ သုံးသပ်ချက်ကတော့ ဖြစ်နိုင်ခြေများတယ်။ ဖြစ်ဖို့အခွင့်အလမ်းတော့ နည်းတယ်လို့ဆိုပါတယ်။
ဗိုင်းရပ်စ်ဆိုင်ရာ ဆေးပညာဂျာနယ်ကလည်း ပိုးတွေ့ လူနာ ၃၀ မှာ တစ်ဦးဟာ မျက်မြှေးရောင်ရောဂါတွေ့ရကြောင်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုးဟာ မျက်ရည်ကတစ်ဆင့် ကူးစက်ဖို့တော့ အခွင့်အလမ်း နည်းပါးတယ်လို့ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ ကိုဗစ် -၁၉ လူနာတွေရဲ့ မျက်ရည်တွေကို စစ်ဆေးကြည့် လို့ရတဲ့ ရလဒ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဆေးရုံမှာ မကြာသေးမီက လေ့လာတွေ့ရှိချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာပေါင်း ၁၀၉၉ ဦးမှ ကိုးယောက်ဟာ မျက်စိနီရဲပြီး မျက်မြှေးပါး ရောင်ရမ်းနေတာကို တွေ့ရတယ်လို့ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သုည ဒသမ ၈ ရာခိုင်နှုန်းဟာ မျက်မြှေးပါးရောင် မျက်စိနာရောဂါနဲ့ လာတတ်တယ် ဆိုရမှာပါ။

တွေ၊ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ပျံ့လွင့်လာတဲ့ အဲဒီအမှုန်တွေကတစ်ဆင့် ဗိုင်းရပ်စ်ပိုးက ပျံ့နှံ့ရပါတယ်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့ အကြီးအကဲ Dr Mike Ryan က ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ နှာချေ၊ ချောင်းဆိုးရာကနေသာမကရောဂါ ကူးစက်နေသူဆီက ထွက်လာတဲ့လေကို ရှူရှိုက် မိရင်လည်း ကူးစက်နိုင်ကြောင်း၊ လူတိုင်းလူတိုင်း နှာခေါင်းစည်းတပ်ဖို့လိုအပ်ကြောင်းနဲ့ နှာခေါင်းစည်း မရှိခဲ့ရင် အလွယ်တကူရနိုင်တဲ့ အဝတ်အထည်ပစ္စည်းတွေနဲ့ ကာကွယ်ဖို့ အကြံပြုလိုက်ပါတယ်။

အဲဒီအမှုန်တွေက အရာဝတ္ထုတွေ၊ အသုံးအဆောင် ပစ္စည်းတွေ၊ တံခါးဘုလုံးတွေ၊ စားပွဲတွေ၊ သော့ခလောက်တွေ၊ လှေကားလက်ရန်းတွေ၊ ကော်ဇောတွေထဲမှာ ကပ်ငြိ ထိကပ်နေနိုင်ပါတယ်။ အဲဒီအရာတွေကိုကိုင်မိပြီး မျက်စိကို ပွတ်မိမယ်၊ နှာခေါင်းနဲ့ ပါးစပ်ကိုပွတ်မိမယ်ဆိုရင် မိမိထံကို အင်ဒါရိုက်နည်းနဲ့ ကူးစက်ပြီးဖြစ်ပါတယ်။

အန္တရာယ်များ 

နှာခေါင်းစည်းတပ်ထားတဲ့အတွက် အနည်းဆုံးတော့ မိမိနှာခေါင်းနဲ့ ပါးစပ်ကိုပွတ်မိဖို့ အခွင့်အလမ်းနည်းသွား ပါပြီ။ တပ်တဲ့အခါမှာလည်း နှာခေါင်းရော၊ ပါးစပ်ရောလုံအောင် အသေအချာအုပ်ဖို့ လိုပါတယ်။ နှာခေါင်းစည်းကို အတွင်း၊ အပြင်၊ အပေါ်အောက် သေချာစွာ မှန်မှန်ကန်ကန် တပ်ဖို့လိုပါတယ်။ အချောင်းမာမာလေးပါတဲ့ ဘက်ကို အပေါ်မှာထားပြီး နှာခေါင်းရိုးအတိုင်း လက်မနဲ့ လက်ဖိညှပ်လိုက်မှ လုံခြုံပါတယ်။ နှာခေါင်းကို ဖော်ထားမယ်ဆိုရင် နှာခေါင်းစည်းတပ်တာ ဟန်ပြပဲ ဖြစ်နေမှာပါ။ မျက်မှန်တပ်တဲ့သူတွေမှာ နှာခေါင်းစည်းနဲ့ နှာခေါင်းကို ခုနကပြောသလို သေချာဖိကပ်မထားဘူး။ မလုံခြုံဘူးဆိုရင် နှာခေါင်းက မှုတ်ထုတ်တဲ့လေတွေက မျက်မှန်မှာ အခိုးအငွေ့ရိုက်ပြီး မျက်မှန်က အမြင်ဝါး လားတော့၊ မကြာခဏနှာခေါင်းစည်းကို ဆွဲချလိုက်၊ မျက်စိကို ပွတ်လိုက်၊ မျက်မှန်ကို သုတ်လိုက်ဆိုရင် အင်မတန်အန္တရာယ်များပါတယ်။ 

အလုပ်ခွင်ကနေ မိမိအိမ်ကို ပြန်ရောက်လာပြီဆိုရင် နှာခေါင်းစည်းကို ဖြုတ်ပစ်ရပါမယ်။ မိမိအိမ်ခန်းထဲအထိ ယူမသွားရပါဘူး။ အိမ်အပေါက်ဝက အမှိုက်ခြင်းထဲ ပစ်ခဲ့ရပါမယ်။ ဖြုတ်တဲ့အခါမှာ နားမှာချိတ်ထားတဲ့ သားရေပင်ကို ဖြုတ်လိုက်ရုံပါပဲ။ ပါးစပ်ရှေ့ကနေ အုပ်ပြီးဖြုတ်ရင် ရောဂါပိုးတွေက လက်ကိုကပ်ပြီးကျန်မှာပါ။ တစ်ခါ သုံးပြီးသားကို နောက်တစ်နေ့ ပြန်မသုံးရပါဘူး။ ဖြုတ်ပြီးရင်လည်း လက်ကိုအသေအချာပြန်ဆေးရပါမယ်။

အထူးသတိပြုရမှာက မသန့်ရှင်းတဲ့လက်နဲ့ မိမိရဲ့ ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မပွတ်ပါနဲ့၊ မကိုင်မိပါစေနဲ့။ မျက်စိယားယံလာခဲ့ရင်လည်း လက်နဲ့ မပွတ်ဘဲ၊ အနံ့မပါတဲ့ တစ်ရှူးအစိုနဲ့ အသာအယာပွတ်ပေးနိုင်ပါတယ်။ မျက်စိခြောက်သွေ့လို့ ယားယံခဲ့တာဆိုရင်တော့ မျက်စိခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်တဲ့ မျက်ရည်အတု (ကြာရှည်ခံဆေးမပါဝင်သော) မျက်စဉ်းမျိုးကို လိုအပ်ရင်ခပ်နိုင်ပါတယ်။
မျက်စိ၌ ခွဲစိတ်ထားသူ၊ မျက်စိဆရာဝန်မှ ညွှန်ကြားထားတဲ့ မျက်စဉ်းဆေးကို မဖြစ်မနေ ခပ်မယ်ဆိုရင်လည်း လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ အနည်းဆုံးဆေးကြောပြီးမှ ခပ်ရပါမယ်။

မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် ဒီကာလမှာ မျက်ကပ်မှန်ကို ဖြုတ်ထားပေးပါ။ မျက်မှန်ကို ခေတ္တပြောင်းတပ်ပေးပါ။ မျက်မှန်တပ်ခြင်းဖြင့် ရောဂါပိုး ဝင်ရောက်နိုင်မယ့် အခြေအနေကို ကာကွယ်ပေးပြီးသား ဖြစ်သွားနိုင်ပါတယ်။

ပီကင်းတက္ကသိုလ်မှ အဆုတ်ရောဂါအထူးကု ဆရာဝန်ဝမ် (Wang GuangFa) ကတော့ ပိုးရှိသူလူနာကို ကြည့်ရှုထိတွေ့ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ ဝဲဘက်မျက်စိဟာ ရောင်ရမ်းလာခဲ့ပြီး အဖျားဝင်လာခဲ့ပါတယ်။ နှာခေါင်းထဲမှာလည်း အကျိအချွဲတွေနဲ့ ပြည့်လာတာကို သတိပြုမိလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ သူ့ဆီကို ကူးစက်ဝင်ရောက်သွားပြီဆိုတာ သိလိုက်ပါတယ်။ “ဝမ်”အနေနဲ့ မျက်စိကို ကာကွယ်တဲ့မျက်မှန် မတပ်ဆင်ခဲ့မိတာကိုလည်း ချက်ချင်းသတိရလိုက်မိပါတယ်။

“စန်အန်တိုနီယို” ကျန်းမာရေးဌာနရဲ့ ရောဂါဗေဒနဲ့ ကူးစက်ရောဂါဌာနခွဲမှ ပါမောက္ခဒေါက်တာ “ဂျန် အီဗန် ပက်တာဆန်” ပြောတာကတော့ ရောဂါရှိသူရဲ့ အဆုတ်ထဲကထွက်လာတဲ့ အမှုန်အမွှားတွေဟာ “ဝမ်” ရဲ့ မျက်စိနဲ့ အခြားသော အမြှေးပါးအလွှာများရှိရာ နေရာတွေကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါကြောင့် နယူးယောက် “ဆန်နီအပ်စတိတ်” ဆေးတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ အကြီးအကဲဖြစ်သူ “ဒေါက်တာ စတီဗင်သောမတ်” က ကိုဗစ် - ၁၉ ကြောင့် လက်ကနေမျက်စိကို ထိတွေ့ခြင်းဟာ ဖြစ်ဖို့ အလားအလာနည်းပေမယ့် ဖြစ်နိုင်ခြေကတော့ များပါတယ်လို့ ပြောခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိဘပြည်သူများအနေဖြင့် မျက်စိနီ၊ မျက်စိနာခဲ့လျှင် မပေါ့ဆကြဘဲ မိမိတို့ရဲ့ မျက်စိကို အထူးဂရုပြုစောင့်ရှောက်နိုင်ကြပြီး ကိုဗစ်-၁၉ကပ်ရောဂါမှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ဒေါက်တာနီလာသိန်း (လင်းရောင်သစ်)