ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ Mask များ ဝေမျှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မြင်းခြံ   ၃၀  မတ်  

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ COVID-19 ကြိုတင် ကာကွယ်ရေးအတွက် နံနက် ၈ နာရီက မြို့တွင်းအလှူရှင်နှင့် နိုင်ငံခြားရောက် အလှူရှင်များ လှူဒါန်းသော Mask များ ကို မြို့လယ်မီးပွိုင့်တွင် အဖြူရောင်လက်များပရဟိတအသင်း၊ Forever Friend ပရဟိတ အသင်းနှင့် ပြန်/ဆက် ဝန်ထမ်းများ ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြပြီး အေးမြသီတာဈေး တွင်လည်း  ဈေးဝယ်သူနှင့် ဈေးရောင်းသူများအကြား ကာကွယ်နိုင်စေရန်အတွက် Mask များဖြန့်ဝေခြင်း၊ လက်သန့်ဆေး ရည်များဖြင့် လက်သန့်ဆေးစေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ အမှတ် (၁၇) ရပ်ကွက်အတွင်းသို့ မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရှေးဦးသူနာပြုအဖွဲ့များ၊ မြို့နယ် ကြက်ခြေနီအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အဖြူရောင်လက်များပရဟိတအသင်းနှင့် Forever Friend ပရဟိတ အသင်း တို့ ပူးပေါင်းကာ အမှတ် (၁၇) ရပ်ကွက်အတွင်းရှိ လမ်းများ၊ လူများအထိတွေ့ အများဆုံးနေရာများ သို့ ပိုးသတ်ဆေးဖျန်းခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။ 

ထို့နောက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင် များကို အဖြူရောင်လက်များ ပရဟိတအသင်းနှင့် Forever Friend ပရဟိတအသင်းတို့မှ မြို့တွင်းရှိ လူစည်ကားရာနေရာများသို့ လိုက်လံဖြန့်ဝေခဲ့ကြသည်။ 

အဖြူရောင်လက်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ COVID-19 ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ကို မကြာခဏဆေးကြောပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် ဆေးကြောပေးခြင်း၊မိမိတို့ရပ်ကွက်အတွင်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်လိုပါက အဖြူရောင်လက်များ ပရဟိ တ အသင်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။ 

ကိုကျော်စွာ(IPRD)