ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် စီးရီးအေပြိုင်ပွဲများ ပြီးဆုံးချိန်အထိယူရို ၂၀၂၀ ပြိုင်ပွဲအား ရွှေ့ဆိုင်းထားရန် အီတလီဘောလုံးအဖွဲ့ချုပ် တောင်းဆို

၁၇  မတ်

အီတလီစီးရီးအေဘောလုံးပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ရပ်နားထားခဲ့ရတာဖြစ်တဲ့ အတွက် စီးရီးအေပြိုင်ပွဲပြီးဆုံးချိန်အထိ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ရွှေ့ဆိုင်းထားရန် အီတလီဘောလုံးအဖွဲ့ ချုပ်က တောင်းဆိုထားတယ်လို့ သိရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်အနေနဲ့ စီးရီးအေပြိုင်ပွဲ ပြီးဆုံးချိန်အထိ ယူရို ၂၀၂၀ ပြိုင်ပွဲ ရွှေ့ဆိုင်းထားရေးနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာကျင်းပမယ့် ဥရောပဘောလုံး အဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ အရေးပေါ်အစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ဆိုးရွားလာတဲ့အတွက် အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက ရပ်ဆိုင်းထားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေအနေနဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းထားဖို့ အဆိုပြုသွားမယ်လို့လည်း အီတလီ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ပြောကြားခဲ့ပါတယ်။

ဥရောပတစ်ဝန်းရှိ အားကစားပြိုင်ကွင်းတွေမှာ ဇွန် ၁၂ ရက်ကနေ ဇူလိုင် ၁၂ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဗီဒီယိုကွန်ဖရင့်တစ်ရပ်သို့ ယူအီးအက်ဖ်အေအဖွဲ့ဝင် ၅၅ နိုင်ငံမှ ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာ အနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲကို မူလကစီစဉ်ထားတဲ့ အစီအစဉ်ထက် တစ်လကျော်ကြာ နောက်ကျချိန်ဖြစ်တဲ့ ဇွန် ၃၀ ရက်မှာ ပြိုင်ပွဲပြီးဆုံးဖို့ မျှော်လင့်ထားတာဖြစ်ပြီး လက်ရှိ အခိုက်အတန့်ကာလအတွင်း ကစားသမားတွေအနေနဲ့လည်း လေ့ကျင့်ရေးမဆင်းဖို့ အကြံပြုထားပါတယ်။

ငွေကြယ်