ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆီယံအဆင့်ပြိုင်ပွဲများ ကျင်းပမည့်ကာလ အတည်မပြုနိုင်သေး

၁၇ ဇွန်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လာမည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ပြိုင်ပွဲကိုးခုကျင်းပရန် စီစဉ်ထားပြီး ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ကျင်းပမည့်ရက်များသာ အတည်ပြုနိုင်ခဲ့ပြီး ကျန်ပြိုင်ပွဲခြောက်ခုအတွက် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအပါအဝင် လူငယ်ပြိုင်ပွဲများနှင့် အမျိုးသမီးပြိုင်ပွဲများကို ကျင်းပမည့်ကာလ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ပြိုင်ပွဲကျင်းပမည့် ပုံစံပြောင်းလဲရန် စီစဉ်ထားပြီး ဇွန် ၁၆ ရက်က ပြုလုပ်သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် အခြားပြိုင်ပွဲများ ကျင်းပမည့်ကာလနှင့် အိမ်ရှင်နိုင်ငံတို့ကို လာမည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးတွင် အတည်ပြုသွားဖွယ်ရှိနေသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲကဲ့သို့ အိမ်ရှင်နိုင်ငံ သတ်မှတ်ခြင်းမရှိဘဲ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပမည်မဟုတ်ဘဲ ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာရနည်းပါးစေရန် အုပ်စုတစ်ခုစီကို အိမ်ရှင်နိုင်ငံရွေးချယ်ကာ ပြောင်းလဲကျင်းပရန် အဆိုပြုထားခြင်းဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲများ၏ ကျင်းပမည့်ကာလများကို အိမ်ရှင်နိုင်ငံများနှင့် ညိနှိုင်းကာ အတည်ပြုသွားမည်ဖြစ်သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်