ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားရာနောက်ထပ် ဗဟိုချက်မနေရာတစ်ခု အမေရိကန် ဖြစ်လာနိုင်ဖွယ်ရှိ

ခြူးစန္ဒီနွေး

 

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ နေထိုင်ကြတဲ့သန်း ၆၀ သောပြည်သူတွေဟာ ဝင်ခွင့်ထွက်ခွင့် ပိတ်ဆို့ခံထားရာကနေ အပြင်ထွက်ခွင့်ရကြတော့မှာပါ။ ဇန်နဝါရီလကုန်ပိုင်းကစလို့ နှစ်လနီးပါးကြာ ဝင်ခွင့်ထွက်ခွင့် ပိတ်ဆို့ထားတာကို အဆုံးသတ်ပါတော့မယ်။ တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

 

အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့

ဟူပေပြည်နယ် မြို့တော်ဝူဟန်ကိုတော့ ဆက်လက်ပိတ်ဆို့ထားဦးမှာဖြစ်ပြီး ဧပြီ ၈ ရက်ကျမှ ဝင်ခွင့်ထွက်ခွင့်ပိတ်ဆို့ ထားတာကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ပြန်လည်စတင်တော့မယ်လို့ အစိုးရက ပြောပါတယ်။ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးလိုက်တာကိုကြည့်ရင် တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တယ်လို့ သိနိုင်ပါတယ်။

 

ဆေးပစ္စည်းတွေ ပြတ်တောက်လုနီးဖြစ်

ဥရောပတစ်လွှားနဲ့ အမေရိကန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေတုန်းပါပဲ။ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေဟာလည်း ပြတ်တောက်လုနီးပါးရှိနေပါပြီ။ အစိုးရဆေးရုံတွေမှာလည်း လူနာတွေနဲ့ ပြည့်နှက် နေပါတယ်။ ကမ္ဘာတစ်ဝန်းက အစိုးရအရာရှိတွေဟာလည်း သူတို့ရဲ့ နိုင်ငံသားတွေကို နေအိမ်အတွင်းမှာသာနေထိုင်ကြဖို့ အမိန့်ထုတ်ထားကြပါတယ်။ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ ပထမဆုံးစတင်ဖြစ်ပွားစဉ်က ပြုလုပ်ခဲ့တဲ့အတိုင်း လူတွေအပြင်မထွက်ကြဘဲနေအိမ်တွင်း၌သာနေဖို့ အမိန့်ထုတ်ခဲ့ကြတာပါ။

 

စိန်ခေါ်မှုတွေ ရှိနေဆဲ

အစပိုင်းမှာတော့ ဟူပေပြည်နယ်ကို ပိတ်ဆို့ထားတဲ့အပေါ် အပြည်ပြည် ဆိုင်ရာကရော ပြည်တွင်းက တရုတ်အစိုးရကို ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ တရုတ်နိုင်ငံရဲ့ နည်းလမ်းဟာ မှန်ကန် တယ်ဆိုတာကို တခြားနိုင်ငံတွေကိုပြသနိုင်ခဲ့ပါတယ်။ ဟူပေပြည်နယ်မှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်တာဟာ တရုတ်တစ်နိုင်ငံ လုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးလိုက်တာတော့ မဟုတ်ပါဘူး။ အနီးအနား ပတ်ဝန်းကျင်က မြို့တွေမှာတော့ ဟိုဟိုဒီဒီသွားလာဖို့ လွယ်ကူသွားတာပါ။ တရုတ်နိုင်ငံမှာ ခရီးသွားလာမှုတွေအရှိန်အဟုန်နဲ့ ပြန်လည်စတင်ဖို့ လုပ်ငန်း ခွင်ပြန်ဝင်ကြဖို့နဲ့ ပုံမှန်နေထိုင်မှုဘဝပြန်ရဖို့တော့ စိန်ခေါ်မှုတွေရှိနေဆဲပဲလို့ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသီတွေကပြောပါတယ်။ ထို့နောက် ဒုတိယမြောက်လှိုင်းလုံးအသစ်ကို သတိထားဖို့ လိုတယ်လို့ ဟောင်ကောင်တက္ကသိုလ်က ရောဂါပိုးမွှားဗေဒဆိုင်ရာအကြီးအကဲ မာလစ်ပီရစ်က ပြောပါတယ်။ သတိထားပြီး စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

 

ကျောင်းတွေပိတ်ထားဦးမယ်

ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုအန္တရာယ်ကနေ လွတ်မြောက်သွားပြီလို့ ယူဆတာကတော့ လူတိုင်းမဟုတ်ပါဘူး။ ဒေသအတွင်း နောက်ထပ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတာမရှိတော့ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ကန့်သတ်မှု တွေ ဖြေလျှော့တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဟူပေပြည်နယ်မှာ ကန့်သတ်မှုတွေကို ဖယ်ရှားပေးလိုက်ပေမယ့် သိပ္ပံနည်းကျ အကဲဖြတ်မှုတွေ မလုပ်ရသေးမီ ကျောင်းတွေကိုတော့ ဆက်လက်ပိတ်ထားဦးမှာပါပဲ။

 

လုံခြုံစိတ်ချရပြီဆိုမှသာ ကျောင်းတွေကိုပြန်ဖွင့်ပေးမှာလို့ ဟူပေမြို့ အရာရှိတွေက ပြောပါတယ်။ နောက်ပြီး ဒေသခံ အာဏာပိုင်တွေ အနေနဲ့လည်း လူတွေတစ်ပြုံ တစ်မကြီးခရီးသွားလာမှုတွေ မဖြစ်ရအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် နောက်ထပ်ကူးစက်ခံရမှု ဒုတိယမြောက်လှိုင်းလုံးအသစ် ရိုက်ခတ်လာမှာကို စိုးရိမ်ရတဲ့အတွက်ပါပဲ။

 

ရုန်းကန်နေရဆဲ

နိုင်ငံတစ်ဝန်းက စက်ရုံတွေဟာ ထုတ်လုပ်မှုတွေရပ်နားထားရပြီး လက်လီအရောင်းဆိုင်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဟာလည်း ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၀ အစောပိုင်းလတွေအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်း သွားနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ၁၉၇၆ ခုနှစ်ကစလို့ အခုတစ်ကြိမ်ဟာ တရုတ်နိုင်ငံတွေရဲ့ ပထမဆုံးအကြိမ် စီးပွားရေးထိခိုက်ရခြင်းပါပဲ။  ဟူပေပြည်နယ်မှာ ကန့်သတ်မှုတွေဖယ်ရှားပေးလိုက်တဲ့အချိန် ဥရောပနဲ့

အမေရိကန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ရုန်းကန်နေရဆဲပါပဲ။

 

ကူးစက်ခံမှုဗဟိုချက်မဖြစ်လာနိုင်

 

အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားရာ နောက်ထပ်နေရာတစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ အမေရိကန်မှာ ကူးစက်ခံရမှုနှုန်းကတော့ သိသိသာသာ မြင့်တက်နေဆဲပါပဲ။ အခုဆိုရင် အမေရိကန်မှာ ကူးစက်ခံရမှုနှုန်းတွေ မြင့်တက်လာနေတာကို တွေ့ရသလို ကူးစက်မှုဗဟိုချက်မ အသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ပြောပါတယ်။

 

အိန္ဒိယဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်

ဒီအချိန်မှာပဲ အိန္ဒိယမှာတော့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ နိုင်ငံထဲကို ၂၁ ရက်ကြာ ဝင်ခွင့်ထွက်ခွင့်ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံး နိုင်ငံကြီးကို အခုလို ပိတ်ဆို့မှုပြုလုပ် လိုက်တာပဲ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် မေလလယ်လောက်ရောက်တဲ့အခါ လူဦးရေတစ်သန်းခန့်မှာ ဗိုင်းရပ်စ်ကူးစက် ခံရဖွယ်ရှိတယ်လို့ သုတေသီတွေက သတိပေးခဲ့တဲ့နောက်မှာတော့ ဝန်ကြီးချုပ်မိုဒီက အခုလိုပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပဲ ဖြစ်ပါတယ်။

 

အိမ်မှာပဲနေပါ

ကိုရိုနာဗိုင်းရပ်စ်ကနေ မိမိကိုယ်ကိုကာကွယ်ဖို့ဆိုရင် လူတွေလုပ်ရမယ့်အလုပ်ကတော့ အိမ်ထဲမှာပဲနေဖို့ပါ။ ဘာတွေ ဖြစ်နေဖြစ်နေ အိမ်ထဲ မှာပဲနေရမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ ခရိုင်တိုင်း၊ မြို့နယ်တိုင်း၊ လမ်းတိုင်းမှာ ၂၁ ရက်ကြာပိတ်ဆို့မှုတွေ လုပ်သွားမယ်။ ရွေးချယ်ရမယ့်တစ်ခုတည်းသော နည်းလမ်းကတော့ အပြင်မထွက်ဘဲ သီးခြား နေထိုင်ဖို့ပါပဲ။ ဒီနည်းလမ်းက ကိုရိုနာဗိုင်းရပ်စ်ကနေ လွတ်မြောက်နိုင်မယ့်နည်းလမ်းပါလို့ မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိတော့ ကူးစက်ခံရသူ ၄၈၂ ဦးရှိပြီး ကိုးဦးသေဆုံးခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း နောက်ထပ် လျင်လျင်မြန်မြန်ကြီး ကူးစက်ပြန့်ပွားသွားမှာကို စိုးရိမ်နေကြပါတယ်။

 

အီတလီမှာ သေနှုန်းကျဆင်း

အီတလီနိုင်ငံမှာလည်း ဝင်ခွင့်ထွက်ခွင့်ပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေ တိုးမြှင့်လိုက်တဲ့အတွက် အကျိုးရလဒ်တွေ ရလာပါပြီ။ မကြာသေးမီရက်ပိုင်းအတွင်းက သေဆုံးမှုလျော့ကျလာပါတယ်။ မတ်၂၁ ရက်မှာတော့ အီတလီမှာ သေဆုံးသူ ၇၃၉ ဦးရှိပြီး မတ် ၂ ရက်မှာတော့ သေဆုံးသူ ၆၅၁ ဦးရှိခဲ့ပါတယ်။ မတ်၂၃ ရက်ရောက်တဲ့အခါမှတော့ ၆၀၀ အထိ လျော့ကျသွားပါတယ်။

 

နေအိမ်မှာသာနေဖို့ တိုက်တွန်း

အမေရိကန်နိုင်ငံမှာဆိုရင် လူပေါင်း ၄၆၄၅ဝ ကူးစက်ခံထားရပြီး သေဆုံး သူ ၅၉၃ ဦးရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အမေရိကန်က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာလည်း ပြည်သူ တွေကို နေအိမ်အတွင်း၌သာနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ကတော့ ကူးစက်ရောဂါကြောင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာဖြစ်လာမှာ ကိုမလိုလားပါဘူး။ လာမယ့်သီတင်းပတ်များအတွင်း စီးပွားရေးပြန်စနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကိုးကား - နယူးယောက်တိုင်းမ်စ်၊ သည်ဂါဒီယန်း