ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခြင်းကြောင့် မယ်စဲ့ကုန်သွယ်ရေးစခန်း ပို့ကုန်/သွင်းကုန်များ ဆုံးရှုံးနစ်နာမှုမရှိ

မယ်စဲ့  ၁၇   ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကယားပြည်နယ်၊ မယ်စဲ့မြို့၊ မယ်စဲ့ကုန်သွယ်ရေးစခန်း၌ ပို့ကုန်/သွင်းကုန်များ ဆုံးရှုံးနစ်နာမှုမရှိဘဲ နှစ်နိုင်ငံကုန်စည် စီးဆင်းမှု ပုံမှန်လည်ပတ်လျက်ရှိကြောင်း မယ်စဲ့ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးစိုးနိုင်ထံမှ သိရသည်။

 

“တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မယ်စဲ့ကုန်သွယ်ရေးစခန်းကို လတ်တလော ထိခိုက်မှုမရှိဘဲ ယခုရက်ပိုင်းအတွင်း ပို့ကုန်တွေ ပိုများလာတာကို တွေ့ရပါတယ်” ဟု အကောက်ခွန်မှူး ဦးညီညီထွန်းက ပြောကြားသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ဒေသထွက် ပြောင်း၊ ငရုတ်သီးခြောက်များကို အများဆုံးတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ သွင်းကုန်အဖြစ် အချိုမှုန့်နှင့် ကော်ဖီမစ်တို့ကို တင်သွင်း လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများ ရှိသည့်အနက် မယ်စဲ့ ကုန်သွယ်ရေးစခန်းသည် ပို့ကုန်များကို လျာထားချက်ထက် ဒုတိယအများဆုံးတင်ပို့နိုင်သည့် ကုန်သွယ်ရေးစခန်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အစမှာပင် ပို့ကုန်များကို လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် သွင်းကုန်များကို လျာထားချက်ထက် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအကြား တင်သွင်းနိုင်ခဲ့ကြောင်း မယ်စဲ့ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးစိုးနိုင်ထံမှ သိရသည်။

 

ကယားပြည်နယ်ထွက်ပြောင်းဆံမှာ လက်ရှိတွင် တစ်ပိဿာ ကျပ်သုံးရာ ဈေးပေါက်ပြီး ထိုင်းနိုင်ငံသို့ တစ်ပိဿာ ကျပ်ငါးရာဖြင့် တင်သွင်းလျက်ရှိရာ တစ်ဖက်အိမ်နီးချင်းထိုင်းနိုင်ငံမှ ဈေးနှိမ်ပြီး မဝယ်ယူပါက ဒေသခံတောင်သူများအတွက် ပိုအဆင်ပြေမည်ဟု မြန်မာကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)