ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား (၁၃) ကြိမ်မြောက် ပြန်လည်ပို့ဆောင်ပေး

၁၄-၇-၂၀၂၀ ရက်၊ ဆိုးလ်မြို့

 

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ၁၄-၇-၂၀၂၀ ရက်၊ ၁၆:၄၅ နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

 

ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား (၃၆) ဦး၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အီရတ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၅၇) ဦးနှင့် မြန်မာသင်္ဘောသား (၁၉) ဦး၊ စုစုပေါင်း (၁၁၂) ဦးတို့ လိုက်ပါသွားကြပါသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းတွင် တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော ကိုရီးယားနိုင်ငံမှ စီးပွားရေးပညာရှင် (၁၃) ဦး၊ ဗြိတိန်နိုင်ငံမှ သံတမန်မိသားစုဝင် (၂) ဦးနှင့် ပြင်သစ်နိုင်ငံမှ ဝန်ထမ်း (၄) ဦး၊ စုစုပေါင်း (၁၉) ဦး လိုက်ပါသွားကြပါသည်။

 

ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့် နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Credit #Ministry_of_Foreign_Affairs