ကိုဖစ်- ၁၉ ကာလအတွင်း အသွင်ပြောင်းလဲဆန်းသစ်လာရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ

၂၃ စက်တင်ဘာ

ဩဂုတ်လနှောင်းပိုင်းမှာတော့ ဆန်ဒိုင်းမြို့ ကနေ တိုကျိုကို ပြေးဆွဲလာတဲ့ တိုဟိုကူ ရှင်ကန်ဆန်ကျည်ဆန်ရထားပေါ်မှာ ပုံမှန်မဟုတ်တဲ့ ခရီးသည်တွေကို တွေ့မြင်နေရပါတယ်။ အရင်တုန်းကဆိုရင် နွေရာသီခရီးသွားတွေနဲ့ပြည့်နှက် နေတဲ့ကားပေါ်မှာလည်း အခုအခါမှာတော့ ကမာကောင်တွေနဲ့ အခြားသောရေထွက်ပစ္စည်းတွေက နေရာယူလာပါတယ်။

အသွင်ပြောင်းလဲလာရ

တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပေမယ့် အစောဆုံးနဲ့ အဆိုးဆုံးထိခိုက်ခံရတဲ့ လုပ်ငန်းတွေကတော့ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေပါပဲ။ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးတွေဟာ လုပ်ငန်းမှာကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကာမိစေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကို အဆင်ပြေအောင် အသွင်ပြောင်းလာရပါတယ်။ ဂျပန်နိုင်ငံမှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားတဲ့ မေလအတွင်းမှာဆိုရင် တိုဟိုကူရှင်ကန်ဆန်ကျည်ဆန်ရထားပေါ် စီးနင်းလိုက်ပါနေကျ ခရီးသွား ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့နှစ်ကနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်း ဆိုးရွားလာပြီး ဩဂုတ်လနှောင်းပိုင်းမှာတော့ အခြေအနေတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

လူစီးရထားမှ ကုန်တင်ရထားသို့

ဆုံးရှုံးသွားတဲ့ ကုမ္ပဏီရဲ့ ဝင်ငွေတွေ ပြန်လည်ရရှိစေဖို့အတွက် ရထား အော်ပရေတာကုမ္ပဏီဖြစ်တဲ့ JR East ဟာ မြို့တော်ကနေ အနောက် မြောက်ပိုင်းမြို့ဖြစ်တဲ့ အီရှီနိုမာကီမြို့တို့ကြား ပင်လယ်စာတွေ သယ်ယူ ပို့ဆောင်ဖို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။ ခရီးသည်တွေနဲ့ ပြည့်နှက်နေတဲ့ ကျည်ဆန်ရထားဟာ ကိုဗစ် - ၁၉ ကာလမှာတော့ ပင်လယ်စာတင်တဲ့ ရထား ဖြစ်သွားပါတယ်။ ယခင်က ထရပ်ကားတွေနဲ့ တင်ပို့နေရာကနေ ယခု ကျည်ဆန်ရထားနဲ့ ပြောင်းလဲပြီး ပင်လယ်စာတွေ တင်ပို့လိုက်တဲ့အတွက် အရင်ကထက် လျင်မြန်မှုရှိလာတဲ့အပြင် တိုကျိုမြို့လယ်က စားသောက်ဆိုင် တွေဆီလည်း ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေ ရောင်းချနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ လူမှုအသိုင်းအဝိုင်းကို ကူညီလို လျင်မြန်ရမယ်၊ တိကျရမယ်ဆိုတဲ့ အချက်နှစ်ချက်နဲ့အညီ အခုလို ဝန်ဆောင်မှုအသစ်ကို ပြောင်းလဲလုပ်ဆောင်ရတာပဲ ဖြစ်တယ်လို့ JR East မှ အရာရှိတစ်ဦးဖြစ်သူ ဟာမာဒါဆူယိုရှီက ပြောပါတယ်။ ရထားကုမ္ပဏီ အနေနဲ့လည်း ဒေသထွက်ကုန်တွေကိုသယ်ယူပို့ဆောင်ရင်း လူမှုအသိုင်းအဝိုင်းကို ကူညီလိုတယ်လို့ သူက ဆက်ပြောပါတယ်။ အခုအချိန်အထိတော့ ရထား ကုမ္ပဏီဟာ ပင်လယ်စာတွေကိုပဲ တင်ဆောင်ပေမယ့် ကုမ္ပဏီဟာ ဝန်စည် စလယ်တွေကိုပါ တိုးချဲ့ တင်ဆောင်သွားဖို့ စဉ်းစားနေပါပြီ။

ဘတ်စ်ကားပေါ်က လုံခြုံရေးအစီအမံ

ခရီးသွားတွေကို ရှုမျှော်ခင်းတွေ လိုက်လံပြသရတဲ့ ဘတ်စ်ကားကုမ္ပဏီ ဆာဝါကီကန်ကိုကတော့ လုံခြုံရေး အစီအမံအသစ်တွေနဲ့ ခရီးသွားတွေကို ပြန်လည်ဆွဲဆောင်နိုင်ဖို့ကြိုးစားနေပါတယ်။ ဘတ်စ်ကားကုမ္ပဏီဟာ ကလေး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ဘတ်စ်ကားပေါ်ကထိုင်ခုံတွေပေါ်မှာ ကလေးလက်တွန်းလှည်းမှာ တပ်ထားတဲ့ ပေါင်းမိုးကဲ့သို့ အကာအကွယ်တွေ တပ်ဆင်ခဲ့ပါတယ်။ အဲဒီအကာအကွယ်ကအခြားကလာမယ့် အမှုန်အမွှားတွေကို တားဆီးပေးဖို့ရည်ရွယ်ပြီး တပ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဘတ်စ်ကားကုမ္ပဏီဟာ အရင်ကတည်းကကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ လည်ပတ်ခဲ့တာဖြစ်ပြီး အခုလို ခရီးသည်ထိုင်ခုံတွေမှာ အမိုးလေးတွေ တပ်ဆင်ပေးလိုက်ခြင်းဖြင့် လိုက်ပါစီးနင်းမယ့် ခရီးသည်တွေလည်း စိတ်လုံခြုံမှု ရရှိစေမှာပဲ ဖြစ်ပါတယ်။

တိုကျိုမြို့ကို ချန်လှပ်ထား

ဂျပန်အစိုးရဟာ သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာမှုလုပ်ငန်းကို မြှင့်တင်ရန်အတွက် ခရီးသွားကြမယ်ဆိုတဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းက စတင်ခဲ့တာဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် လူတွေကို ထောက်ပံ့ကြေးတွေပေးပြီး ခရီးစဉ်တစ်လျှောက် အသုံးပြုဖို့လည်း ကူပွန် လက်မှတ်တွေပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအစီအစဉ်မှာ တိုကျို မြို့သူ၊ မြို့သားတွေတော့ မပါဝင်နိုင်ပါဘူး။ တိုကျိုဒေသခံတွေကို ချန်လှပ်ထားရတဲ့ အကြောင်းကတော့ တိုကျိုမှာ ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်များပြာ နေလို့ပါပဲ။ အောက်တိုဘာ ၁ ရက်ကစပြီး တိုကျိုကိုလည်း အဲဒီအစီအစဉ်မှာ ထည့်သွင်း စဉ်းစားသွားမယ်လို့ သိရပါတယ်။ အုပ်စုငယ်လေးတွေကြားထဲမှာ ခရီးသွားလာ ရေးလုပ်ငန်းကို မြှင့်တင်ဖို့ အစိုးရကော်မတီခွဲတစ်ခုက အဆိုပြုလာပါတယ်။ ရာသီအချိန်အတွင်း မဟုတ်ဘဲ ခရီးသွားလာမှုအတွက် လျှော့ဈေးနဲ့ပေးဖို့ အပါ အဝင် သယ်ယူပို့ဆောင်ရေး၊ ရှုမျှော်ခင်းကြည့်ရှုခြင်းနဲ့ အစားအသောက် အလည်အပတ်တို့မှာ ရောဂါကူးစက်မှု ထိန်းချုပ်၊ ကာကွယ်ရေးနည်းလမ်းတွေကို ခရီးသွားလုပ်ငန်းကနေ လမ်းညွှန်ချက် ချပေးဖို့တွေအထိ အဆိုပြုထားပါတယ်။

အပြောင်းအလဲများပေါ်ပေါက်

ကိုဗစ် - ၁၉ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ အပြောင်းအလဲတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကကျွေးတဲ့ အစားအသောက်တွေကို လွမ်းဆွတ်နေကြသူတွေလည်း ရှိကြမှာပါ။ လေကြောင်းလိုင်းတစ်ခုကတော့ မြေပြင်ပေါ်မှာ ရပ်နားထားရစဉ်အတွင်း လေယာဉ်ပေါ်မှာ အစားအသောက်တွေ ရောင်းချပေးနေပါတယ်။ ထိုင်းအဲဝေးရဲ့ လေယာဉ်တွေဟာ ပြေးဆွဲခြင်းမပြုဘဲ ရပ်နားထားရတာ လပေါင်းများစွာ ကြာနေပါပြီ။ ဧပြီလအတွင်း ထိုင်းအစိုးရက ခရီးသည်တင်လေယာဉ်တွေ ပြေးဆွဲမှုကို ရပ်နားလိုက်တဲ့နောက် လအတော် ကြာ ရပ်နားနေရတာပါ။

လေယာဉ်ပေါ်က ကော်ဖီဆိုင်

လတ်တလောမှာတော့ လေကြောင်းလိုင်းဟာ ဘဏ္ဍာရေးဆိုင်ရာ အကျပ် အတည်းအခက်အခဲတွေကြောင့်ဒေဝါလီခံဖို့ ကြားနာရေးအတွက် စောင့်ဆိုင်းနေပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ လေကြောင်းလိုင်းဟာ ဝန်ထမ်းအချို့ကို ပြန်လည်ခေါ်ယူပြီး လေယာဉ်အဟောင်းတွေပေါ်မှာ ကော်ဖီဆိုင်ဖွင့်ခဲ့ပါတယ်။ လာရောက်စားသောက်သူတိုင်းကို လေယာဉ်လက်မှတ်ပေးပြီး စားသောက်ဆိုင် လာတဲ့သူတွေဟာ တကယ့်လေယာဉ်ခရီးစဉ်အတိုင်း ခံစားရအောင်လုပ်ပေးထားပါတယ်။ ရိုးရိုးတန်းနဲ့ အထူးတန်းဆိုပြီးလည်း နှစ်မျိုး ခွဲထားပါသေးတယ်။ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကိုတော့ လေယာဉ်အဟောင်းရဲ့ အစိတ်အပိုင်းတွေက နေယူပြီး တပ်ဆင်ထားပါတယ်။

ဆက်လက်ရုန်းကန်နေကြဆဲ

ကိုဗစ် -၁၉ ကြောင့် စီးပွားရေးလုပ်ငန်းတိုင်းလိုလို အနည်းနဲ့ အများတော့ ထိခိုက်ခံစားရတာချည်းပါပဲ။ ဘယ်အချိန်မှာ ပြန်လည်နာလန်ထူနိုင်မလဲဆိုတာ ကတော့ ခန့်မှန်းရခက်တဲ့ကိစ္စပါ။ ဒီလိုအခက်အခဲ အကျပ်အတည်းတွေကြားထဲမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအချို့ကတော့ သူ့နည်းသူ့ဟန်နဲ့အတူ ဆက်လက်လှုပ်ရှားရုန်းကန်နေကြဆဲပါပဲ။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဒေးလီးမေးလ်

ခြူးစန္ဒီနွေး