ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဘရာဇီး   ဇွန်   ၁

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ၂၀၂၁ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲမစတင်မီ သီတင်း နှစ်ပတ်အလိုမှာ အာဂျင်တီးနားနိုင်ငံကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ကနေ ဖယ်ရှားခဲ့ပြီးနောက် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲကို အရင်က အာဂျင်တီးနားနိုင်ငံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ပြုထားခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသိသိသာသာ မြင့်တက်ခဲ့တာကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကနေ ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။ လက်ရှိ ကိုပါအမေရိကဖလား ချန်ပီယံ အသင်းဟာ ဘရာဇီးနိုင်ငံလက်ရွေးစင်အသင်းဖြစ်ပြီး အသင်း စုစုပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည့် အဆိုပါ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန် ၁၄ ရက်မှာ စတင် ကျင်းပသွားမှာဖြစ်တယ် လို့လည်း တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က မေ ၃၁ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေတဲ့ နိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၄၆၀၀၀၀ နီးပါးရှိကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ကမ္ဘာ့နိုင်ငံ တွေထဲမှာ အမေရိကန်နိုင်ငံပြီးရင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမှာ  ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဂျင်တီးနားနိုင်ငံဟာ ကိုဗစ်-၁၉  ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ အခက်ကြုံ နေရတာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကနေ ဖယ်ရှားခဲ့တာ ဖြစ်တယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပြောကြားထားပါတယ်။

ငွေကြယ်