ကျိုင်းတုံမြို့တွင် လူသတ်မှုဖြစ်ပွား

ကျိုင်းတုံ ၃၀ အောက်တိုဘာ    

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့သစ် အာခါဈေးလမ်းတွင် အောက်တိုဘာ ၂၉ ရက်က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့ အာခါဈေးလမ်းတွင် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက် (မြို့သစ်) နေ ဒေါ်သန်းသန်းယဉ်၏ သားဖြစ်သူ ကျော်ကျော်စိုး (၃၁)နှစ်သည် အရိုးအသွား ၁၇ လက်မခန့်ရှိ ကင်ဒိုဓားဖြင့် ဒေါ်ဌေးဌေးဝင်း(၃၈)နှစ် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်နေသူအား ထိုးသတ်ခဲ့ရာ ဒဏ်ရာများရရှိကာ နေရာတွင်သေဆုံးခဲ့ပြီး အခင်းဖြစ်စဉ် ဒေါ်သန်းသန်းယဉ်မှ သားဖြစ်သူ ကျော်ကျော်စိုးအား ဝင်ရောက်တားဆီးစဉ် ၎င်း၏ ယာတံတောင်ဆစ်တွင် ဓားဖြင့်ထိုးမိ၍ ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူ ကျော်ကျော်စိုးအား ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)