ကိုလိုနီခေတ်တွင် ပေါ်ထွန်းခဲ့သည့် ကရင်ရိုးရာ မောင်ရိုး ဒုံးအကအား UNESCO (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်) သို့ တင်သွင်းရန်အတွက် မှတ်တမ်းတင်ပြီးစီး

ဘားအံ၊ ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်အတွက် ပထမဆုံး UNESCO (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်) သို့ တင်သွင်းရန်အတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု တို့ ပူးပေါင်းပြီး ကရင်အမျိုးသားတို့၏ ရိုးရာဒုံးအကအား UNSCO သို့ တင်သွင်းမည်ဖြစ်ပြီး လိုအပ်သော မှတ်တမ်းပြုစုခြင်းများအား ဇန်နဝါရီလ ၂၁ ရက်နေ့က ကော့ကရိတ်မြို့နယ် ကော့ပရံ ကျေးရွာတွင် ကိုလိုနီခေတ်တွင် ပေါ်ထွန်းခဲ့သည့် ကရင်ရိုးရာ မောင်ရိုး ဒုံးအကအား မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

ကရင်ရိုးရာ မောင်ရိုးဒုံးအက ပေါ်ထွန်းခဲ့သည့် ကိုလိုနီခေတ်တွင် ရိုးရာအကနှင့် လိုက်ဖက်သည့် ရိုးရာ ဝတ်စားယင်ဆင်မှုများကိုလည်း ကရင်ရိုးရာ  ဝတ်စားဆင်ယင်မှု ကဏ္ဍမှာ တာဝန်ယူထားသည့် ဆရာစောဝဏ္ဏထွန်းမှလည်း ကိုလိုနီခေတ်ရဲ့ ကရင်တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အကြောင်းသာမက ရိုးရာအထည်မှာ ပါဝင်သည့် အဆင်ဒီဇိုင်းများနှင့် အမှတ်သင်္ကေတများကိုလည်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

UNESCO (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်) သို့ တင်သွင်းမည့် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်နှင့် မျက်မှောက်ခေတ် ခေတ်လေးခေတ်မှာ ပေါ်ထွန်းခဲ့သည့် ကရင်ရိုးရာ ဒုံးအကအား မှတ်တမ်းပြုစု ပြီးစီးခဲ့ပြီးဖြစ်သလို အဆိုပါ ခေတ်လေးခေတ်မှာ ပေါ်ထွန်းခဲ့သည့် ကရင်ရိုးရာ ဒုံးအက စာတမ်းဖတ်ပွဲကိုတော့ လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါသည်။

#MRTV