ကျိုက်ထိုမြို့နယ်၌ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာ မြေများအား ပြည်နယ်အစိုးရအဖွဲ့မှ (ဒုတိယအကြိမ်) မြေယာလျော်ကြေးငွေ ပေးအပ်

ကျိုက်ထို ၂၃ စက်တင်ဘာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းသော အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်၊ လယ်ယာမြေတို့အား ပြည်နယ်အစိုးရအဖွဲ့မှ မြေယာလျော်ကြေးငွေ (ဒုတိယအကြိမ်)  ပေးအပ်ပွဲကို  စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး၀ဏ္ဏကျော်က မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည့် ကျေးရွာသူကျေးရွာသားများအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် လျော်ကြေးငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားပြီး မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် ပြည်သူ (၈)ဦးတို့၏ ဥယျာဉ်ခြံမြေ (၃ ဒသမ ၈၂) ဧကနှင့် နေအိမ်၊ သီးနှံပင် စသည်တို့အတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ၅၃၀၅၃၂၀၀ ကို ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မြေယာများပါဝင်ခဲ့သည့် လှည်းလမ်းကူးကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)